ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ မြို့လုံးကျွတ်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ဘားအံ ဇူလိုင် ၁၃

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ် (၁၉) ကြိမ်မြောက် မြို့လုံးကျွတ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီးဒေါ်နန်းဘေဘီမြင့်တို့ တက်ရောက်ကြည်ညို၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

မြို့လုံးကျွတ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ ကရင်ပြည်နယ် ဩဝါဒစရိယအဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ ဓမ္မကထိကဗဟုဇနဟိတဓရ ဇွဲကပင်ကျောင်းဆရာတော် ဘဒ္ဒန္တကဝိဓဇ အမှူးပြုသော ထောရ်ကြီးဝါကြီး၊ နိုင်ငံတော်ဩဝါဒစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ပြည်နယ်သံဃနာယက၊ မြို့နယ်သံဃနာယက(ဂိုဏ်းစုံ) ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကာ ဇွဲကပင်ကျောင်း ဆရာတော်ဘုရားကြီထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ဆရာတော်ဘုရားကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဇွဲကပင်ကျောင်းဆရာတော် ဘုရားကြီးထံ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဧည်ပရိတ်သတ်များက ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ဇွဲကပင်ကျောင်းဆရာတော်ဘုရားကြီးထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ယနေ့အခမ်းအနားတွင် ရဟန်း (၁၂၇၁) ပါး၊ သာမဏေကြီး (၆၇၁) ပါး၊ သာမဏေငယ် (၅၇၂) ပါး၊ သီလရှင် (၈၇၁) ပါး စုစုပေါင်း ၃၃၈၅ ပါးတို့ကို ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ရာ မြို့ပေါ်ကျောင်းတိုက်အသီးသီးရှိ သံဃာတော်၊ သီလရှင်တို့အား သက်ဆိုင်ရာဌာနများက ဆရာ/ဒကာကျောင်းတိုက်များသို့ ပို့ဆောင်ဆက်ကပ်လှူဒါန်း သွားမည်ဖြစ်သည်။

အခမ်းအနားအပြီးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများက ဇွဲကပင်ကျောင်းဆရာတော် ဘုရားကြီးအမှူးပြုသည့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ ကြောင်းနှင့် မြို့လုံးကျွတ်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်လာသော လူပုဂ္ဂိုလ်များ အား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းသတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)