ဘားအံမြို့ သေဋ္ဌမာရ်အောင်ဘုရားကြီး၌ (၂၂) ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူ

ဘားအံ ဇူလိုင် ၁၃

ဝါတွင်းကာလ ဝါဆို၊ ဝါကပ်တော်မူကြမည့် ဆရာတော်၊ သံဃာတော်များ ဆွမ်းကိစ္စ ခက်ခဲပင်ပန်းမှုမရှိစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ စေတနာရှင်၊ အလှူရှင်များစုပေါင်း၍  (၂၂) ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဝါဆိုလပြည့် (ဓမ္မစင်္ကြာအခါတော်နေ့) ယမန်နေ့မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့ကျက်သရေဆောင် သေဋ္ဌမာရ်အောင်ဘုရားကြီး၌ ကျင်းပသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ စေတနာရှင်အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များက ဘားအံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၇၂) ကျောင်း၊ သီလရှင်ကျောင်း (၁၉) ကျောင်းတို့မှ ရဟန်း၊ သံဃာ၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၂၆၁၀) ပါးတို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆေး၊ ဆားနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)