ဖားဆောင်း ဇူလိုင် ၁၂
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၌ ဌာနဆိုင်ရာ ဝန်ထမ်းများ၊အလှူရှင်များစုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ဖားစည်သံလွင်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဆရာတော်အရှင်သူမြတ်များနှင့်ဧည့်ပရိတ်သတ်များက နမောတဿ(၃)ကြိမ်ရွတ်ဆို ၍ အခမ်းအနားကိုဖွင့်လှစ်ကာ ဧည့်ပရိသတ်များကသြကာသ ကန်တော့ချိုးဖြင့် ရှိခိုးပူဇော်ပြီး ဖားဆောင်းမြို့နယ် သံဃနာယကအဖွဲ့အကျိုးတော်ဆောင် တောင်ပေါ်တပ်ဦးကျောင်း ဆရာတော် ဘဒ္ဒန္ဒဇဝန အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊အလှူရှင်များက ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်အရှင်သူမြတ်များထံမှ မတ္တောသုတ်အစချီသော ပရိတ်တရားတော်များကို နာယူကြကာ လှူဒါန်းမှု အစုစုတို့အတွက်ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ထို့နောက် အခမ်းအနားကို ‘’ဗုဒ္ဓသာသနံ စိရံတိဌတု’’သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းပြီး ဆရာတော် အရှင်သူမြတ်များအားနေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)