ဖားဆောင်း ဇူလိုင် ၁၂
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်မော်ချီးဒေသ၊ မော်ချီးအောက်ရွာ အထက်တန်းကျောင်း၌ယမန်နေ့က မြို့နယ်ကျန်းမာရေးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ကျောင်း သား၊ ကျောင်းသူများကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်ရည်ရွယ်၍ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ကျန်းမာရေးဌာနမှ သူနာပြု(၁)ဒေါ်သက်သက်ထွေးက ကျောင်းသား၊ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် ငှက်ဖျားရောဂါနှင့်မိုးတွင်း ကာလတွင် ဖြစ်ပွားတတ်သောသွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားအောင်ကြိုတင်ကာကွယ်ရန် လိုအပ်ကြောင်း၊ ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါသည် ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးများတွင် ဖြစ်ပွားမှုများပြားကြောင်း၊ ကိုယ်ခံအားနည်းသူတို့တွင် ပိုမိုဖြစ်ပွားနိုင်ကြောင်း၊ရောဂါလက္ခဏာများအဖြစ် အလွန်အမင်းအဖျားတက်ခြင်း၊ ချွေးအလွန်အမင်းထွက်ခြင်း၊ အဖျားကျသွားခြင်း၊ ရက်ခြားဖျားခြင်း၊ အော့အန်ခြင်း၊ ကယောင်ကတန်းဖြစ်ခြင်းတို့ ဖြစ်ပွားတတ်ကြောင်း၊ငှက်ဖျားရောဂါပိုးရှိ၊မရှိ သွေးဖောက်စစ်ဆေးသင့်ကြောင်း၊ငှက်ဖျားရောဂါပိုးတွေ့ရှိပါက ကျန်းမာရေးဌာနတွင် ဆေးကုသမှုခံယူရန်လိုအပ်ကြောင်း၊ငှက်ဖျားရောဂါ ကာကွယ်ရန်အတွက် မည်သည့်နေရာတွင်မဆို ခြင်ထောင်ဖြင့် အိပ်ရန်နှင့်အဝတ်များလုံခြုံစွာ ဝတ်ရန်လိုကြောင်း၊ ချုံနွက်များရှင်းလင်းရန်၊ စိမ့်စမ်းချောင်းနှင့်မြောင်းများကို ခြင်ပေါက်ပွားမှုမရှိစေရန်ရေစီးရေ လာကောင်းအောင်ပြုလုပ်သင့်ကြောင်း စသည့်ငှက်ဖျားရောဂါကာကွယ်ရေးနှင့်သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနည်းလမ်းများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)