မိုးညိုမြို့နယ်ရှိ ရွှေဘုန်းပွင့်ဆုတောင်းပြည့် ဖောင်တော်ဦးစေတီတော်မြတ်ကြီးတွင် ဘုရားဖူးလာရောက်သူများဖြင့်စည်ကား

မိုးညို   ဇူလိုင် ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဘုရားငူကျေးရွာရှိ မဏိစည်သူမင်းတရားကြီးတည်ထားကိုးကွယ်တော်မူသော ရွှေဘုန်းပွင့်ဆုတောင်း ပြည့်ဖောင်တော် ဦးစေတီတော်မြတ်ကြီးတွင် ယနေ့နံနက်ပိုင်းမှစ၍ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

 ယနေ့သည်"သန္ဓေတောထွက် ဓမ္မစက် တန်ခိုးပြာဋိဟာ"ဟူသောမြတ်ဗုဒ္ဓ၏ ထူးမြတ်သောဖြစ်စဉ်လေးမျိုး ဖြစ်ပေါ်ခဲ့သည့် ထူးမြတ်သည့် နေ့ထူးနေ့မြတ် ဝါဆိုလပြည့်နေ့တွင် မြတ်စွာ ဘုရားရှင်အား ရည်မှန်း၍ ပူဇော်ထိုက်သော သံဃာတော်များကို အလေးအမြတ်ထားကာ ဝါဆို သင်္ကန်းများကပ်လှူခြင်း၊ သီလဆောက်တည်ခြင်း၊ မြတ်စွာဘုရားရှင်အားဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်း၊စတုဒိသာများ ကျွေးမွေးဧည့်ခံခြင်းဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်လျက် ရှိသည်။

ထိုသို့ ကောင်းမှုကုသိုလ်များပြုလုပ်လျက်ရှိရာတွင် ဘုရားငူကျေးရွာရှိ  ရွှေဘုန်းပွင့်ဆုတောင်း ပြည့်ဖောင်တော် ဦးစေတီတော်မြတ်ကြီး၌ ဘုရားဖူးလာရောက်သူများ စည်ကားလျက်ရှိပြီး ဘုရားဖူးလာရောက်သူများက မြတ်စွာဘုရားရှင်အားပန်း၊ ဆီမီး၊ ရေချမ်းကပ်လှူခြင်း၊ အလှူငွေများ ထည့်ဝင်လှူဒါန်းခြင်း၊ ဘုရားဖူးလာ‌ရောက်သူများအား အာဟာရဒါနများဖြင့် ကျွေးမွေး ဧည့်ခံခြင်းဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်လျက်ရှိသည်။

အဆိုပါဘုရားဖူးလာရောက်ရာတွင် မိုးညိုမြို့ပေါ်နှင့် ကျေးရွာများမှ ဘုရားဖူးပြည်သူများက ကား၊ဆိုင်ကယ်၊စက်လှေများဖြင့် တစ်ပျော်တစ်ပါး ဘုရားဖူးလာရောက်လျက်ရှိကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)