ကျွန်းလှမြို့နယ်၌ အာဆီယံသပြေ စိုက်ပျိုးသူများ ဈေးကောင်းရ၍ တိုးချဲ့စိုက်ပျိုး

ကျွန်းလှ ဇူလိုင် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပန်းမျိုးစုံကို မြေအောက်ရေတင်ပြီး ရာသီမရွေး စိုက်ပျိုးလျက်ရှိရာ အာဆီယံသပြေ စိုက်ပျိုးသူများ ဈေးကောင်းရ၍ တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။

“အာဆီယံသပြေ စိုက်ပျိုးလာတာ ၅ နှစ်ကျော်ရှိပါပြီ အခု အပင် ၃၀၀ စိုက်ပျိုးထားပါတယ်။ စိုက်ပျိုးရာမှာလည်း  ကုန်ကျစရိတ်သက်သာပါတယ်။ လက်တစ်ဆုပ်တစ်စည်းကို ငွေကျပ် ၆၀၀ နဲ့ ခြံအထိလာရောက်ဝယ်ယူကြတာပါ။ မိသားစုအတွက် တစ်နေ့ငွေကျပ် ၁၅၀၀၀ ကျော်ဝင်‌ငွေရပါတယ်။ သပြေပန်းဟာ အခြားပန်းတွေလို ပြုပြင်ထိန်းသိမ်းစရာ မလိုဘဲ ဈေးကောင်းရခြင်းကြောင့် တိုးချဲ့စိုက်ပျိုးလာကြပါတယ်” ဟု သပြေစိုက်ပျိုးသူတစ်ဦးက ပြောသည်။

အာဆီယံသပြေကို မိမိတို့နေအိမ်ခြံများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသော်လည်း စီးပွားဖြစ်တိုးချဲ့ စိုက်ပျိုးကြကြောင်း၊ နွေ၊ မိုး၊ ဆောင်း စိုက်ပျိုးကြပြီး မိုးရာသီမှာ အထွက်နှုန်းကောင်းကြောင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိကြကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)