စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ကော့သောင်း ဇူလိုင် ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အေးမြကန်သာရပ်ကွက် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောမှု အစီအစဉ်တွင် သင်တန်းသူများအား ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီး ဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြသီတာက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေဆိုင်ရာ သိကောင်းစရာများ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန် များ၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက ပြန်လည်ကုစားခွင့်နှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများစသည့် ဗဟုသုတဖြစ်ဖွယ်များကို အသိပညာပေး ဟောပြောခဲ့ပြီး စားသုံးသူရေးရာ သိကောင်းစရာအသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သတင်းရရှိသည်။

ကျော်စိုး(ကော့သောင်း)