တိုင်းရင်းသားပုံပြ၊ပုံပြင်စာအုပ်များကို တိုင်းရင်းသားများနေထိုင်ရာ နေရာဒေသအနှံရောက်ရှိအောင် ဖြန့်ဝေ

ဘားအံ ဇူလိုင် ၁၁

တိုင်းရင်းသားဘာသာနှင့် မြန်မာဘာသာတို့ဖြင့် ပုံနှိပ်ထုတ်ဝေထားသော တိုင်းရင်းသားပုံပြ၊ ပုံပြင်စာအုပ်များကို ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများထံ ပေးအပ်သည့် အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခန့်က တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ်ရုံး  အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းကိုက စာပေနှင့်ယဉ်ကျေးမှုအသင်းများအနေဖြင့် မိမိတို့ တိုင်းရင်းသားများနေထိုင်ကြသည့် နေရာဒေသအနှံ့ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိအောင် ဖြန့်ဝေပေးကြစေလိုကြောင်း၊ သို့မှသာ တိုင်းရင်းသား ကလေးငယ်များသည် တိုင်းရင်းသားဘာသာကို လေ့လာသင်ယူရာတွင် ပိုမိုထိရောက်အောင်မြင်မည်ဖြစ်သကဲ့သို့ အခြားတိုင်းရင်းသားဘာသာ များကိုလည်း လေ့လာသင်ယူနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ တိုင်းရင်းသားစာပေများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းချိန် အတွင်း သင်ကြားခွင့်ပြုထားသကဲ့သို့ တိုင်းရင်းသားစာပေသင်ကြားရေးအတွက် လိုအပ်သည့်ဆရာ၊ ဆရာမများကိုလည်း ခန့်ထားပေးလျက် ရှိပြီး  တိုင်းရင်းသားဘာသာ ကျောင်းသုံးပုံနှိပ်စာအုပ်များကိုလည်း ပုံနှိပ်ထုတ်ဝေပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအခမ်းအနားများ၊ နေ့ထူးနေ့မြတ်အခမ်းအနားများ ကျင်းပပြုလုပ်နိုင်ရေးအတွက် လိုအပ်သည့်ဘဏ္ဍာ ရန်ပုံငွေများ ကို နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းကို၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးနှင့် တိုင်းရင်းသားပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ပြည်နယ်တာဝန်ခံတို့က ပိုးကရင်စာအုပ်(၁၄၆၆၀)အုပ်၊ စကောကရင် (၁၀၃၃၀) အုပ်၊ မွန် (၃၂၀၀)အုပ်နှင့် ဗမာ(၄၄၈)အုပ် စုစုပေါင်း (၂၈၆၃၈)အုပ်ကို သက်ဆိုင်ရာတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများထံ ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများကိုယ်စား ပြည်နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးစောချစ်သန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ထိ တိုင်းရင်းသား ဘာသာပုံပြ၊ ပုံပြင်စာအုပ်(၈၅၉၁၄)အုပ် ထောက်ပံ့ပေးနိုင်ခဲ့ကာ ပညာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနတို့ ပူးပေါင်းပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပြည်နယ်အတွင်း တိုင်းရင်းသားဘာသာပြ ဆရာ/ဆရာမ ၅၉ ဦးကို ခန့်အပ်ပေးနိုင်ခဲ့ ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)