ဆိပ်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးမည့် တောင်သူများ စိုက်ပျိုး မြေပြင် ဆောင်ရွက်

ဆိပ်ဖြူ ဇူလိုင် ၁၁

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မိုးသီးနှံစိုက်ပျိုးမည့်တောင်သူများ စိုက်ပျိုးရန် ယာမြေပြုပြင် ထွန်ယက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်ရှိ တောင်သူများသည် မိုးတွင်းကာတွင် ယာမြေများ၌ မြေပဲ ၊ ပဲတီစိမ်း ၊ ပဲစိမ်းငုံ နှင့် ပြောင်း၊ ဝါများကို နှစ်စဉ် မိုးဖြိုင်ဖြိုင် ရွာသွန်းသည့် ဝါဆိုလဆန်းပိုင်းကာလမှ စတင်၍ မြေပြင်ထွန်ယက် စိုက်ပျိုးကြပြီး သီတင်းကျွတ်လပြည့်ကျော်နှင့် တန်ဆောင်မုန်းလဆန်းပိုင်းတို့တွင် စိုက်ပျိုးသီးနှံများ ပြန်လည် ရိတ်သိမ်း ဆောင်ရွက်ကြသည်။

ဆိပ်ဖြူမြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသ၌ တည်ရှိသည့်အတွက် မိုးရွာသွန်းမှုသည် အခြားဒေသများထက် မိုးရေရရှိမှုနည်းသည့်အတွက် ယာမြေ စိုက်ပျိုးတောင်သူများက မိုးရွာသွန်းမှုများသည့် ဇွန်လမှ စက်တင်ဘာလအတွင်း မိုးသီးနှံများကို အောင်မြင်စွာ စိုက်ပျိုးဆောင်ရွက်ကြကြောင်း၊ ပုံမှန်ဆို ယာသီးနှံအတွက် ဇွန်လ၌ ရွာသွန်းသည့် မိုးဖြင့် မြေပြင်ထွန်ယက်ခြင်း၊ ဇူလိုင်လအတွင်းမျိုးစေ့ချ စိုက်ပျိုးခြင်းများ ဆောင်ရွက်ကြပြီး ၂၀၂၂ခုနှစ် ဇွန်လအတွင်း မိုးရွာသွန်းမှု မရှိခဲ့ခြင်းကြောင့် ယာမြေသီးနှံစိုက်ပျိုးဖို့ မြေပြင်ထွန်ယက်ခြင်း မပြုလုပ်နိုင်ဘဲ ဇူလိုင်လဆန်းပိုင်းအတွင်းမှသာ မိုးအနည်းငယ် ရွာသွန်းခဲ့၍ မြေပြင်ထွန်ယက်ကြရပြီး မိုးဆက်လက် ရွာလျှင် ယာမြေများ၌ မိုးသီးနှံများဖြစ်သည့် မြေပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ နှင့် ပြောင်း၊ ဝါများကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ မိသားစုအတွက် စားသုံးဆီ ဖူလုံစေရေးအတွက် ဆီထွက်သီးနှံ မိုးနေကြာများကိုလည်း ရေသွင်းစိုက်ပျိုး ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ ပြောကြား သိရှိရသည်။    

ကိုဇွဲ (အညာမြေ)