မယ်စဲ့ စက်တင်ဘာ ၉
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပြည်သူများ နေအိမ် အပြင်ထွက်ပါက နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှုကို ယနေ့နံနက်က မြောက်ပိုင်း ရပ်ကွက် မြို့မရဲစခန်းရှေ့နှင့် တောင်ပိုင်းရပ်ကွက် အထက(မယ်စဲ့) ကျောင်းရှေ့တို့၌ ပြုလုပ်ခဲ့သည်။
ထိုသို့ပြုလုပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးဝင်း ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများနှင့် စာရေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည် ပြည်သူများအား နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်းတပ်ဆင်မှု မရှိသူများအား နှစ်ခုလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ချက်ချင်းဝယ်ယူတပ်ဆင်စေပြီး ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှု များပြား လာသဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များ၊ လမ်းညွှန်ချက်များ အား လိုက်နာကြရန် အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)