ပေါင်းတည် ဇူလိုင် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီဝင်ဌာနဆိုင်ရာများက ယနေ့နံနက်ပိုင်းက ရွာပုလဲအုပ်စု၊ ညောင်ဇင်ကျေးရွာသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးသန့်က ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မိတ်ဆက်စကားပြောကြားပြီး ဒေသတွင်းစားသုံးဆီသီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ မွေးမြူရေးလုပ်ငန်းများကိုလည်း ယခုထက်ပိုမိုဆောင်ရွက်နိုင်ရေး၊ ဒေသနှင့်ကိုက်ညီမည့်အခြားစိုက်ပျိုးသီးနှံများကိုလည်း ရာသီအလိုက်ပိုမိုစိုက်ပျိုးနိုင်ရေးဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာ၊ ဆည်မြောင်းဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တိရစ္ဆန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများကလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သက်ဆိုင်ရာဌာနတစ်ခုခြင်းစီ၏ ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းစဉ်များကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် ဒေသခံတောင်သူများမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် သိရှိလိုသည်တို့ကိုမေးမြန်းရာ သက်ဆိုင်ရာဌာနဆိုင်ရာများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
အေးအေးဆင့် (ပြန်/ဆက်)