မော်လမြိုင်မြို့ ရာမည ရဋ္ဌ ဗုဒ္ဓတက္ကသိုလ်တွင် မွန် ကျောက် စာသင်တန်းဆင်းပွဲ ကျင်းပ

                                         မော်လမြိုင် ဇူလိုင် ၁၁                                         

မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်ကြားရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သည့် မွန်ကျောက်စာ သင်တန်းဆင်းပွဲ အခမ်းအနားကို  ဇူလိုင် (၉)ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ရာမညရဋ္ဌဗုဒ္ဓတက္ကသိုလ်တွင်ကျင်းပရာ၊ ပြည်နယ် စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ကြားရေးအဖွဲ့များ၊ ရဟန်းသံဃာ အရှင်သူမြတ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်၊၊

ရှေးဦးစွာ အခမ်းအနားကို ဘုရားကန်တော့ ဖွင့်လှစ်ပြီး၊ မွန်အမျိုးသားအလံအား အလေးပြုကြပြီး ဆရာတော် ဘဒ္ဒန္တဝီရိယနှင့် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာ သာ ယဉ်ကျေးမှုသင်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တ ကေသုမာလာတို့က ဩဝါဒ ကထာ မြွက်ကြားပြီး၊ မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓ ဘာသာယဉ်ကျေးမှု သင်ကြားရေးအဖွဲ့ ဆရာတော်ဘဒ္ဒန္တ သီလဝန္တက မွန်ကျောက် စာသင်တန်း၏ လုပ်ငန်းစဉ်များကို ရှင်းလင်း မိန့်ကြားခဲ့သည်၊၊

ဆက်လက်ပြီး မွန်ပြည်နယ် ဝန်ကြီးချုပ်က ပေးပို့သည့် သဝဏ်လွှာကို ပြည်နယ်ဝန်ကြီး နိုင်လယိတမက ဖတ်ကြားရာ သဝဏ်လွှာတွင် ပြင်ဦးလွင်မြို့နေ အသက် (၉၀)အရွယ် ဆရာကြီး နိုင်ဘရှင်နှင့် မွန်ပရိယတ္တိ စာသင်တိုက် စာချဆရာတော် ကေလာသတို့က ရာဇကုမာရ် ကျောက်စာ၊ ကျန်စစ်သားမင်း၏ နန်းတည်ကျောက်စာ၊ ဗုဒ္ဓဝင်ကျောက်စာ၊ ရွှေတိဂုံ မွန်ကျောက်စာ၊ ရွှေစည်းခုံ မွန်ကျောက်စာနှင့် ရှေးဟောင်း မွန်ကျောက်စာများကို သင်ကြားပို့ချပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ မွန် တိုင်းရင်းသားတို့၏ ဘာသာစကား၊ စာပေယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ ထုံးတမ်း အစဉ်အလာ သမိုင်းအမွေ အနှစ်များကို ထိန်းသိမ်းစောင့် ရှောက်နိုင်ရန် မွန်ကျောက်စာသင်တန်းကို ပြီးမြောက်အောင် သင်ယူခဲ့ကြသည့် အတွက် ဂုဏ်ယူဝမ်းမြောက် မိပါကြောင်း၊ သမိုင်းအစဉ် အလာ ကြီးမားသည့် မွန်လူမျိုးတို့၏ စာပေနှင့် ယဉ်ကျေးမှု တိမ်ကောပပျောက်မှု မရှိစေရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် မွန်ကျောက်စာ သင်တန်းကို နှစ်စဉ်ဖွင့်လှစ် နိုင်ရန် တိုက်တွန်းလိုကြောင်း ဖော်ပြထားသည်။

ထို့နောက် မွန်ပြည်နယ် အစိုးရအဖွဲ့မှ ရန်ပုံငွေကျပ် သိန်း(၄၀) ထောက်ပံ့ပေး အပ်ရာ၊ မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ကြားရေးအဖွဲ့မှ ဒေါက်တာမင်ကြည်ဝင်းက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မွန်ကျောက်စာသင်တန်း ဆရာကြီးများက သင်တန်းသား သင်တန်းသူများ အနေဖြင့် ရပ်ရွာဒေသပတ်ဝန်းကျင်တွင် လက်ဆင့်ကမ်းသင်ကြား နိုင်ရေး မှာကြားပြီး၊ သင်တန်း သားများက ကျေးဇူးတင် စကား ပြန်လည် ပြောကြားခဲ့သည်၊၊ ထို့နောက် သင်တန်း လက်မှတ်များ ပေးအပ်ပြီး သဘာပတိက နိဂုံးချုပ်စကား မြွက်ကြားသည်၊၊ မွန်ကျောက်စာသင်တန်းကို လူမျိုးတစ်မျိုး ၏ သမိုင်းအထောက်အထား၊ စာပေနှင့်ပတ်သက်သည့် အထောက်အထား၊ စာပေအဆင့် အတန်းနှင့် မွန်ကျောက်စာများ ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ရည်ရွယ်ပြီး၊ ဇွန် (၁၈)ရက်မှ ဇူလိုင် (၉)ရက်အထိ (၃)ပတ် ကြာဖွင့်လှစ်ပို့ချရာ၊ မွန်ကျောက်စာ စိတ်ပါဝင်စားသူ မွန်သံဃာတော် အရှင်သူမြတ်များနှင့်  သင်တန်းသား၊သင်တန်းသူ စုစုပေါင်း (၁၀၈) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့် (ခရိုင်၊ ပြန်/ဆက်)