ဘားအံ ဇူလိုင် ၁၁
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်ခန့်က ဘားအံမြို့အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဟောပြောပွဲတွင် အမှတ် (၃) အခြေခံပညာအထက်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းကြည်က လူငယ်များ မိမိတို့၏ရည်မှန်းချက်ကို ဆန္ဒဓိပတိထား၍ ကြိုးစားကြစေရန် အတွက် လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ရုံးမှဦးစီးအရာရှိ ဒေါ်ခက်ခက်လွင်က လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်အပြင် နိုင်ငံနှင့်လူမျိုးတည်တံ့ခိုင်မြဲရေးနှင့် တိုးတက်ဖွံဖြိုးရေးအတွက် မျိုးချစ်စိတ်များ ဖြစ်ပေါ်လာစေရန်အတွက် မျိုးဆက်သစ်လူငယ်များနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နော်ဩသျှာဖောက လူငယ်နှင့်အားကစားဆိုင်ရာများကိုလည်းကောင်း အသီးသီးအသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရှိရသည်။
ထိုနောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး လက်ခံရယူခဲ့ပြီး တာတိုပြေးအားကစားနည်းနှင့် သံလုံးပစ်အားကစားနည်းများကို သရုပ်ပြကစားခဲ့ရာ ကျောင်းသား/ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)