ထားဝယ် ဇူလိုင် ၁၁
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်ပိုင်းက ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးနိုင်ဝင်းက တနင်္သာရီတိုင်းဒေသကြီးသည် သဘာဝသယံဇာတအရင်းအမြစ်များ၊ ရိုးရာယဉ်ကျေးမှုဓလေ့များ၊ ပင်လယ်ကမ်းခြေများ၊ ကျွန်းများ၊ သဘာဝဓါတ်ငွေ့ စသော ပတ်ဝန်းကျင်ရေခံ၊ မြေခံကောင်းများ ပိုင်ဆိုင်ထားပြီး မြေအသုံးချမှုပြောင်းလဲခြင်းများ၊ ဓါတ်သတ္တုတူးဖော်မှုများ၊ တရားမဝင်သစ်ထုတ်လုပ်ခြင်းနှင့် အမဲလိုက်ခြင်းများ၊ စည်းကမ်းမဲ့ငါးဖမ်းခြင်းများနှင့် ရေသယံဇာတထုတ်ယူသုံးစွဲမှုများက သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ပျက်စီးရန် အဓိကခြိမ်းခြောက်လျက်ရှိကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်နှင့် သိရှိလိုက်နာနိုင်ရန်အတွက် အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစည်သူမျိုးအောင်က မီးခိုးမြူငွေ့အဓိပ္ပာယ်ဖွင့်ဆိုချက်၊ မီးခိုးမြူငွေ့ညစ်ညမ်းခြင်း ဖြစ်ပေါ်လာရခြင်း အကြောင်းအရင်းများ၊ မီးခိုးမြူငွေ့ညစ်ညမ်းခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများနှင့် နယ်စပ် ဖြတ်ကျော်မီးခိုးမြူငွေ့ဖြစ်ပွားရခြင်းအကြောင်း၊ မြန်မာနိုင်ငံ၏ တောမီးလောင်ကျွမ်းခြင်းနှင့် မီးခိုးမြူငွေ့ဆိုင်ရာ လုပ်ဆောင်ချက်များ၊ တောမီးလောင်ကျွမ်းခြင်းနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု မီးခိုးမြူငွေ့ ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာရန်အချက်များ စသည့်တို့ကို ရှင်းလင်း ဆွေးနွေးပြောကြားပြီး ဦးစီးအရာရှိ ဦးနိုင်ဝင်းက ရှင်းလင်းဆွေးနွေးပြောကြားပေးပါသော ဦးစည်သူမျိုးအောင်အား ကျေးဇူးတင်ရှိပါကြောင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးပွဲ(TalkShow)ကို လစဉ်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ရွှေပင်လယ်(ထားဝယ်)