မအူပင် ဇူလိုင် ၁၁
ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဒေါ်မိုးမိုးအေးသည် ရုံးအဖွဲ့မှူး ဦးကျော်စိုးညွန့်၊ မအူပင် ခရိုင် တရားသူကြီး ဒေါ်ဝင်းဝင်းနိုင်တို့နှင့် အတူ ယနေ့ နံနက်ပိုင်း တွင် မအူပင်အကျဉ်းထောင်အား ကြည့်ရှု စစ်ဆေးရာ အကျဉ်းထောင်အရာရှိက အကျဉ်းထောင်အတွင်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးတရားသူကြီးနှင့် တာဝန်ရှိသူများသည် အကျဉ်းထောင်အတွင်း အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူများနေထိုင်သည့် အဆောင်များနှင့် စားဖိုဆောင်၊ ဆေးပေးခန်းနှင့် စာကြည့်တိုက်တို့ကို လှည့်လည်ကြည့်ရှုကာ ၎င်းတို့၏ ဥပဒေပါ အခွင့်အရေးများရရှိခြင်း ရှိ/မရှိ၊ နေရာထိုင်ခင်း သက်သာချောင်ချိမှု ရှိ/မရှိ၊ အစာ အာဟာရ သင့်တင့်မျှတမှုရှိ/မရှိ၊ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေနှင့် အသက်မွေးဝမ်းကျောင်း အတတ်ပညာသင်ကြားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးမေးမြန်းခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် အကျဉ်းထောင် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ ကြောင်း သိရသည်။
ခရိုင်ပြန်ဆက် (မအူပင်)