ထားဝယ် ဇူလိုင် ၁၁
တနင်္သာရီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့ပူးပေါင်း၍ တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း(၆/၂ဝ၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးမှူး ဦးမျိုးမြင့်နိုင်က ဌာနအနေဖြင့် ဒေသခံပြည်သူလူထုများအတွက် အလုပ်အကိုင်အခွင်လမ်းများရရှိစေရန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ တိုးတက်လာစေရန်အတွက် သက်မွေးဝမ်းကျောင်းပညာပေး သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊ အလုပ်အကိုင်အခွင်အလမ်းများနှင့် စွန့်ဦးတီထွင်လုပ်ငန်းများ ဖော်ဆောင်ရာတွင် အသေးစားလုပ်ငန်းများသည် အရေးကြီးသောအခန်း ကဏ္ဍတွင်ပါဝင်ကြောင်း၊ ယခုသင်တန်းတွင် ဒေသထွက်ကုန်ကြမ်းများကို အခြေခံ၍ Value Add ထုတ်လုပ်နည်းများအား သင်ကြားသွားမည်ဖြစ်ကြောင်းနှင့် Value Add ထုတ်လုပ်ခြင်းဖြင့် မူလတန်းဖိုးထက်ပိုမိုမြင့်လာပြီး ဝင်ငွေပိုမိုတိုးတက်ရရှိလာမည်ဖြစ်ပါကြောင်း၊ သင်တန်းမှ ရရှိသောနည်းပညာများဖြင့် လုပ်ငန်းများဆောင်ရွက်စေလိုပါကြောင်း ပြောကြားသည်။
သင်တန်းတွင် ထားဝယ်နှင့် မြိတ်မြို့နယ်ရှိ ဒေသခံတိုင်းရင်းသားများဖြစ်သော ဆလုံ(မော်ကင်း)၊ မွန်၊ ဗမာ၊ ကရင်၊ လူမျိုး(၂၃) ဦးအား ဒေသအတွင်း ပေါများစွာထွက်ရှိသော နာနတ်သီး၊ မန်ကျည်းသီး၊ သံပုရာသီး၊ သရက်သီး၊ ရှောက်သီး၊ သင်္ဘောသီး၊ ခရမ်းချဉ်သီးတို့ကိုအခြေခံ၍ နာနတ်သီးဖျော်ရည်၊ မန်ကျည်းဖျော်ရည်၊ သံပုရာဖျော်ရည်၊ နာနတ်သီး(Syrup)၊ သရက်သီးယို၊ ခရမ်းချဉ်သီးယို၊ ရှောက်တလုံးယို၊ သင်္ဘောသီးယိုနှင့် သစ်သီးဂျယ်လီ စသည့် ထုတ်လုပ်မှုနည်းများအား နည်းပြများဖြစ်သော သုတေသနလက်ထောက်-၃ ဒေါ်ဆုသက်ဌေးနှင့် အကြီးတန်း စာရေးဒေါ်နှင်းဝင့်ရီတို့က စာတွေ့နှင့်လက်တွေ့ သင်ကြားပို့ချသွားမည်အပြင် တန်ဖိုးမြှင့်စား သောက်ကုန်ထုတ်လုပ်နည်းများလုပ်ငန်း(၁)ခု ထူထောင်လုပ်ကိုင်ဆောင်ရွက်ခြင်း၊ ဈေးကွက်နှင့်ချိတ်ဆက်ခြင်း၊ မှတ်ပုံတင်ဆောင်ရွက်ပေးခြင်း၊ Good Manufacturing Practice (GMP) Good Hygienic Practice (GHP) တို့ကိုလည်း သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရွှေပင်လယ်(ထားဝယ်)