တောင်ငူ၌ အမိုနီယမ်နိုက်ထရိတ်များ တရားမဝင်တင်သွင်းမှု မရှိစေရေး ဓာတ်မြေသြဇာ ဂိုဒေါင်များသို့ ကွင်းဆင်းစစ်ဆေး

တောင်ငူ ဇူလိုင် ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း အမိုနီယမ်နိုက်ထရိတ်များ တရားမဝင် တင်သွင်းမှု မရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက တောင်ငူခရိုင်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့မှ ဦးဆောင်ကာ ဓာတ်မြေသြဇာဂိုဒေါင်များသို့ ကွင်းဆင်းစစ်ဆေး သည်။

ထိုသို့စစ်ဆေးရာ တောင်ငူမြို့နယ်အတွင်း နံပါတ် ၁ လမ်း၊ နံပါတ် (၆) လမ်း၊ တပင်ရွှေထီးလမ်း ၊ ကျုံးပတ်လမ်း၊ မင်းကြီးညိုရပ်ကွက်များရှိ ဓာတ်မြေသြဇာအရောင်းဆိုင်များ၏ လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ  သိုလှောင်ထားရှိသည့်  ဓာတ်မြေသြဇာဂိုဒေါင်များအတွင်း အမိုနီယမ်နိုက်ထရိတ်များ ရှိ၊ မရှိ စစ်ဆေးပြီး တရားမဝင်ကုန်သွယ်မှု မရှိစေရေးအတွက် အသိပေးရှင်းလင်းပြောကြားသည်။

တောင်ငူမြို့နယ်အတွင်း အမိုနီယမ်နိုက်ထရိတ်များကို ဓာတ်မြေသြဇာများနှင့် ရောနှော သယ်ဆောင်မှုမရှိစေရေး၊ အိတ်သွပ်သယ်ဆောင်မှုမရှိစေရေး၊ ကုန်သွယ်မှုလမ်းကြောင်းများမှ သာမက ဂိုဒေါင်များ၌ စစ်ဆေးကြပ်မတ်ခြင်း၊ တရားမဝင် သယ်ဆောင်သည်ဟု သံသယရှိ သည့် မော်တော်ယာဉ်များ ကုန်ချနိုင်သည့် နေရာများသို့ ရွှေ့ပြောင်းစစ်ဆေးခြင်းများကို ရှောင်တခင် စစ်ဆေးမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့မှ သိရသည်။

ခရိုင် ပြန်/ဆက်