တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကရင်တိုင်းရင်းသားရေးရာ စာပေနှင့် ယဉ်ကျေးမှုအသင်ရုံး သစ်အား တက်‌ရောက်ဖွင့်လှစ်ပေးပြီး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအား ကြည့်ရှုအားပေး

ပုသိမ် ဇူလိုင် ၁၁

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ အိမ်မဲမြို့နယ်၊ အမှတ်(၈)လမ်း၊ ချောင်းဝ ရပ်ကွက်တွင် ပြုလုပ်သည့် အိမ်မဲမြို့နယ် ကရင်တိုင်းရင်းသားရေးရာ စာပေနှင့် ယဉ်ကျေးမှုအသင်းရုံး (၁၈ပေ×၄၅ပေ) RC နှစ်ထပ် ဆိုင်းဘုတ်တင် ရုံးသစ်ဖွင့်ပွဲ အခမ်းအနားအား တက်ရောက်ခဲ့ပြီး တိုင်းဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက အသင်းရုံးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူး ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အိမ်မဲမြို့နယ်၊ ရွှေပြည်တန်ခန်းမတွင် တွေ့ဆုံပွဲ ပြုလုပ် ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က  “အိမ်မဲမြို့နယ်တွင်  လူဦးရေ ထက်ဝက်ကျော်မှာ ကရင်တိုင်းရင်းသား များဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် တည်ငြိမ်အေးချမ်းပြီး ရေခံမြေခံ ကောင်းမွန်သည့်အတွက် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် ပညာရေးနှင့် ရင်းနှီးမြှုပ်နှံရမှာဖြစ်၍ ကျောင်းနေ အရွယ် ကလေးများအားလုံး ကျောင်းတက်ရောက်စေရေး မိဘများက ဝိုင်းဝန်းဆောင်ရွက် ပေးကြရမှာ ဖြစ်ပါကြောင်း၊ ယခုကာလတွင် သွေးလွန်တုပ်ကွေးရောဂါများ ဖြစ်ပွားမှု အနည်းငယ်ရှိလာ၍ သွေးလွန်တုပ်ကွေး အပါအဝင် ကူးစက်ရောဂါများ ဖြစ်ပွားမှု မရှိစေရေး ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ် စသည့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကိုလည်း စနစ်တကျ ဆောင်ရွက်ကြရန် လိုပါကြောင်းနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စေရန်၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ ဖြိုးတိုးတက်စေရန် ဒေသခံတိုင်းရင်းသားအားလုံးက ချစ်ကြည်ရင်းနှီးစွာ အတူတကွ  ပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။ ထို့နောက် အိမ်မဲမြို့နယ် ကရင်တိုင်းရင်းသားရေးရာ စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌမှ ကျေးဇူးတင်ပြန်လည်ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံကရင် တိုင်းရင်းသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဝါးခယ်မမြို့နယ်၊ သဲကုန်း/ ကြာဖြူကျေးရွာ၊ တောင်သူ ဦးရွှေပွား၏ လယ်မြေတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောက်ရွက်သည့် ပျိုးဗန်းဖြင့် ပျိုးထောင်ထားသည့် ပျိုးပင် များကို ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ တက်ရောက်ခဲ့ပြီး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှုကို ကြည့်ရှုအားပေးခဲ့ကာ တောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးအနေဖြင့် မိုးစပါး၊ နွေစပါးများကို ပန်းတိုင် အထွက်နှုန်းများ ရရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် အထွက်တိုး မျိုးကောင်းမျိုးသန့်များ သုံးစွဲကြရန်၊ စနစ်တကျ မြေပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရန်၊ သဘာဝ မြေသြဇာနှင့် ဓာတ်မြေသြဇာများကို အချိုးကျသုံးစွဲကြရန်၊ မိရိုးဖလာ စိုက်ပျိုးနည်းများအပြင် ခေတ်မီ စိုက်ပျိုးနည်းစနစ်များ၊ ခေတ်မီစက်ကိရိယာများ အသုံးပြုဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး တစ်ဧက တင်း ၁၀၀ ထွက်ရှိရေး ဧက ၁၀၀ စံပြကွက် တောင်သူများသို့ ဓာတ်မြေသြဇာအိတ် ၁၀၀ အား ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် ပျိုးဗန်းဖြင့် ပျိုးထောင်ထားသည့် ပျိုးပင်များကို ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ လာရောက်လေ့လာကြသည့် အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းအုပ်ကြီးနှင့် သင်တန်းသူသင်တန်းများအား တွေ့ဆုံ၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုလယ်ယာသို့ ပြောင်းလဲဆောင်ရွက်လျက်ရှိရာ စက်ပစ္စည်းကိရိယာများ ပြုပြင်ဆောင်ရွက်ခြင်း၊ ကျွမ်းကျင်စွာကိုင်တွယ် အသုံးပြုခြင်းသည် လွန်စွာအရေးပါ ကြောင်း၊ ဆရာ၊ ဆရာမများ၏ သင်ကြားပို့ချမှုများကို စနစ်တကျ လေ့လာမှတ်သားပြီး လက်တွေ့ လုပ်ငန်းခွင် တွင် ပြန်လည်အသုံးချနိုင်ရေး၊ အဆင်မြင့်ပညာများ ဆက်လက်သင်ကြားနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် လိုပါကြောင်းနှင့် တိုင်းဒေသကြီးနှင့် နိုင်ငံတော်အတွက် အားထားရသည့် စက်မှုလက်မှု ပညာရှင်များ ဖြစ်ကြစေ ရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး လိုအပ်သည်များတင်ပြမှုအပေါ်  သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)