ရှမ်းရွာသစ် ဇူလိုင် ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်အာဇာနည်နေ့အကြို အထိမ်းအမှတ်အဖြစ် ကာယ၊ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက မြန်မာနိုင်ငံ ၏နေ့ထူးနေ့မြတ်များကို ကျောင်းသား/သူလူငယ်လေးများ အစဉ်အမြဲအမှတ်ရစေရန်နှင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး နောက် ကဗျာရွတ်ဆို ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ခါးလှည့်ကွင်းပြိုင်ပွဲများကို ဆက်လက်ပြုလုပ်ခဲ့ရာ မူလတန်းအဆင့် ကျောင်းသား/သူ(၂၅)ဦးတို့က စိတ်ပါဝင်စားစွာပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကိုလည်း ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှုအားကောင်းစေရန်၊ တစ်ဦးနှင့် တစ်ဦး ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ရှိစေရန်၊ ပြည်သူ့စာကြည့် တိုက်အား အများပြည်သူဝင်ထွက်သွားလာနိုင်သည့်နေရာ၊ ပညာဗဟုသုတရှာမှီးရာ နေရာတစ်ခုအဖြစ် သိရှိစေရန်အတွက်ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် စာကြည့်တိုက်လှုပ်ရှား ဆောင်ရွက်မှုများကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)