ရှမ်းရွာသစ် ဇူလိုင် ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေများဖြင့် အမှတ်(၄)ရပ်ကွက်၊ သုခလမ်း အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်းနှင့် မြောင်းအဖုံးပြုလုပ်ခြင်းလုပ်ငန်းများကို မေလနောက်ဆုံးပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာမှ ယခုအချိန်တွင်ရာနှုန်း ပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ မြို့အင်္ဂါရပ်နှင့်အညီလှပဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင်၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၉၈၂၀၀၀၀/-)ဖြင့် အရှည်(၄၀၀)ပေ၊ အကျယ် (၂) ပေ၊ အမြင့်(၂)ပေရှိ အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်းနှင့် ခွင့်ပြုရန်ပုံငွေ(၉၃၅၀၀၀၀/-)ကျပ်ဖြင့် အလျား (၂)ပေ၊ (၈)လက်မ၊ အနံ(၁)ပေ၊(၆)လက်မနှင့် ထုထည်အမြင့် (၄)လက်မရှိ ရေမြောင်းအဖုံး (၂၈၀)ချပ်ပြုလုပ်ခြင်းလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးအတွက် လုပ်ငန်းတာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ခဲ့ကြပြီး ယခုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ လာမည့်ဘဏ္ဍာနှစ်တွင်လည်း မြို့စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုရန်ပုံငွေများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ဆက်လက်လျာထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ခြင်းသည် မြို့တွင်းသန့်ရှင်းသာယာလှပရေး၊ မြို့သူမြို့သားများ၏ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ကောင်း တစ်ခုဖြစ်ကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဇင်လေး(ပြန်/ဆက်)