ပေါက်ခေါင်းမြို့နယ်၌ ပြောင်းဖူးစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းပြီး ဈေးကွက်အတွင်း စတင်ရောင်းချ

ပေါက်ခေါင်း ဇူလိုင် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ဒေသခံတောင်သူများသည် စိုက်ပျိုးရေနှင့်မြေအောက်ရေများအသုံးပြု၍ ပြောင်းသီးနှံများကို (နွေ၊ မိုး၊ ဆောင်း)တစ်နှစ်ပတ်လုံး စီးပွားဖြစ်စိုက်ပျိုးကြရာ ယခုအချိန်တွင် မိုးရာသီစိုက်သီးနှံပြောင်းဖူးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ ရောင်းချချိန်တွင် ဈေးကောင်းရရှိကြောင်းသိရသည်။

ဦးလေးတို့ဒေသခံတောင်သူများက ပြောင်းဖူးကို နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံးကို စီးပွားဖြစ်စိုက်ပျိုးခြင်းဖြစ်ပါကြောင်း၊ တခြားသီးနှံများကို ရာသီအလိုက်စိုက်ပျိုးခြင်းဖြစ်ပါကြောင်း၊ ယခုနှစ်မိုးဦးကျတွင်စိုက်ထားသည့် ပြောင်းခင်းများလည်း အောင်မြင်ဖြစ်ထွန်းပြီး ဈေးကွက်ကိုစတင်ရောင်းချနေရပြီဖြစ်ပါကြောင်း၊ တစ်ဖူးကိုအများဈေး ၁၅၀ ကျပ်ရပါကြောင်း၊ ပြောင်းဖူးအကြီးအသေးပေါ်မူတည်ပြီး ၁၀၀၀ ဖိုး ၁၁ ဖူးပေးရောင်းရတာမျိုးလည်းရှိပါကြောင်း၊ ပြောင်းဖူးမျိုးကတော့ သကြားပြောင်းနှင့် ကာရာဘိုက်မျိုးများကို အဓိကထားစိုက်ပျိုးပါကြောင်း၊ ပြောင်းဖူးစိုက်ပျိုးရေးမျိုးစေ့တစ်ထုပ်ကို (၁၉၀၀၀)ကျပ်ပေးဝယ်ရပါကြောင်း၊ တစ်ခါစိုက်ပြီးရင် ၂ လခွဲကြာရင် ခုတ်ရောင်းလို့ရပြီဖြစ်ပါကြောင်း၊ တစ်ဧက စိုက်ပျိုးထားရင် ငွေကျပ်သိန်း ၂၀ ခန့်ထိရရှိပါကြောင်း ရေဖြူကျေးရွာပြောင်းစိုက်တောင်သူ ဦးအောင်စိုးကပြောကြားသည်။

ပေါက်ခေါင်းမြို့နယ်ရှိ ပြောင်းဖူးစိုက်တောင်သူများသည် ပြောင်းဖူးဈေးကွက်ကောင်းမွန်ခြင်း၊ စိုက်ခင်းများ‌အောင်မြင်ဖြစ်ထွန်းခြင်းတို့ကြောင့် တစ်နှစ်ပတ်လုံးစိုက်ပျိုးရောင်းချရသဖြင့် စီးပွားရေးတွက်ခြေကိုက်လျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)