ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ ကြက်သွန်နီဈေးနှုန်း မြင့်တက်လာမှုကြောင့် အားထားစိုက်ပျိုးလုပ်ကိုင်လာ

ပွင့်ဖြူ ဇူလိုင် ၁၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ကြက်သွန်နီဈေးနှုန်းများ ပြန်လည်မြင့်တက်လာသည့်အတွက် အညာကျေးလက်ဒေသများရှိ ကြက်သွန်နီစိုက်ပျိုးကြသည့် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေတို့ကို အကျိုးရှိစွာအသုံးချပြီး ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းကို ပြန်လည်အားထားစိုက်ပျိုး လုပ်ကိုင်နေကြကြောင်း ပွင့်ဖြူမြို့နယ် ဆည်တော်ကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းကို ဆည်တော်ကျေးရွာ၊ မဲဇလီကျေးရွာ၊ ကြူဝန်းကျေးရွာ၊ အနောက်လေးအိမ်ကျေးရွာ၊ ထန်းတောကျေးရွာ၊ ညောင်ပင်ဝိုင်းကျေးရွာ၊ ထူးပေါက်ကျေးရွာ၊ ကျွဲခြံကျေးရွာ၊ လယ်မကျေးရွာနှင့် မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း သိရပြီး ယခင်လများက ကြက်သွန်နီဈေးနှုန်းမှာ တစ်ပိဿာ ငွေကျပ် (၃၀၀ ၊ ၄၀၀)ခန့်သာ ရောင်းချရ၍ ကြက်သွန်နီစိုက်ပျိုးကြသူများ အရှုံးနှင့်ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း၊ ယခုနှစ် ဇွန်လပိုင်းမှစတင်ကာ ကြက်သွန်နီဈေးနှုန်းများ ပြန်လည်မြင့်တက်လာကာ ကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ် ၁၇၀၀ မှ ၂၀၀၀ ဝန်းကျင်အထိ အရောင်းအဝယ်ရှိလာသဖြင့် ဒေသခံတောင်သူ များက ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းကို ပြန်လည်၍အားထားစိုက်ပျိုး လုပ်ကိုင်လာကြကြောင်း သိရသည်။

“ကျွန်တော်တို့ဒေသမှာ ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းကို တစ်ချို့ကျေးရွာတွေမှာ စီးပွားဖြစ် စိုက်ပျိုးကြပါတယ်။ ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းဟာ ကျွန်တော်တို့ဒေသမှာ စိုက်ပျိုးရေ အဆင်ပြေတဲ့အတွက် အောင်မြင်ဖြစ်ထွန်းမှုလည်း ရှိပါတယ်။ ကြက်သွန်နီ တစ်ဧကကို အနည်းဆုံး ပိဿာချိန် ၃၀၀၀ မှ ၄၀၀၀ အထိ ထွက်ရှိကြတယ်။ ကျွန်တော်တို့ဒေသမှာ ကြက်သွန်နီ စိုက်ပျိုးရေးလုပ်ငန်းကို မိုးရာသီနဲ့ ဆောင်းရာသီမှာ အများဆုံးစိုက်ပျိုးကြပြီး ဆည်တော်ကျေးရွာက ထွက်ရှိတဲ့ ကြက်သွန်ကတော့ အလုံးလှပြီး အရောင်းအဝယ်ကောင်းမွန်တဲ့အတွက် ရန်ကုန်နဲ့ ရခိုင်ဘက် တွေက ကုန်တင် ကားကြီးတွေနဲ့ လာရောက်ဝယ်ယူကြတယ်။ ခါတိုင်းနှစ်တွေမှာ ကြက်သွန်နီဈေးက တစ်ပိဿာကို ၁၅၀၀ ၊ ၂၀၀၀ လောက် ရောင်းရတော့ ကြက်သွန်နီစိုက်ပျိုးတဲ့တောင်သူတွေ အဆင်ပြေကြတယ်။ ပြီးခဲ့တဲ့နွေတုန်းက ကြက်သွန်စိုက်ပျိုးတဲ့ တောင်သူတွေ တစ်ပိဿာကို ငွေကျပ် ၃၀၀ ၊ ၄၀၀ ဈေးနဲ့ရောင်းချခဲ့ရလို့ အရင်းအနှီးစရိတ်နဲ့တွက်ရင် တွက်ခြေမကိုက်ဘူး၊ ရှုံးကြတယ်။ ကြက်သွန်နီတစ်ဧက စိုက်ပျိုးရင် အနည်းဆုံး (၁၀)သိန်းဝန်းကျင်လောက် ကုန်ကျစရိတ် ရှိပါတယ်။ ခုတော့ ကြက်သွန်နီဈေးက ပြီးခဲ့တဲ့ ဇွန်လပိုင်းကစပြီး တစ်ပိဿာကို ငွေကျပ် ၁၇၀၀ မှ ၂၀၀၀ ဝန်းကျင်အထိ ပြန်လည်အရောင်းအဝယ်ဖြစ်လာတော့ ဒေသခံတောင်သူတွေက ကြက်သွန်နီ စိုက်ပျိုးရေးလုပ်ငန်းကို ပြန်လည်အားထား လုပ်ကိုင်နေကြပါတယ်” ဟု ပွင့်ဖြူမြို့နယ် ဆည်တော်ကျေးရွာမှ ကြက်သွန်နီစိုက်ပျိုးတောင်သူတစ်ဦးက ပြောသည်။

 လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)