ဝါးခယ်မ ဇူလိုင် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အ.ထ.က(၁) ဒေါ်ပိုက်မိခန်းမတွင် အကြောင်း အမျိုးမျိုးကြောင့် ကျောင်းမတက်ရောက်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကျရှုံးခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘများအား တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန် တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ မြောင်းမြခရိုင် ပညာရေးမှူး ဦးစသိန်းကျော်၊ ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ပညာရေးဌာနမှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ စုစုပေါင်း အင်အား ၂၈၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျရှုံး ကျောင်းသား၊ ကျောင်းသူများအား အားပေးစကားပြောကြားပြီး လာမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပြန်လည်ဖြေဆိုရန်၊ ကျောင်းသား၊ ကျောင်းသူမိဘများကို မိမိသား/သမီးများ၏ ပညာရေးကို ဆက်လက် သင်ကြားစေရန်၊ လူငယ်လူရွယ်ဘဝတွင် မျှော်လင့်ချက်မဲ့စွာဖြင့် ဘဝကိုမဖြတ်သန်းစေရန်နှင့် စီမံအုပ်ချုပ်ရေး အဖွဲ့အနေဖြင့် လိုအပ်သည်များကို ကူညီဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရန် စသည့်အကြောင်းအရာများကိုလည်း တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများကို တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း