လှိုင်းဘွဲမြို့နယ် နောင်တိုင်ကျေးရွာတွင် ယဉ်ကျေးလိမ္မာဓမ္မစကူးလ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

လှိုင်းဘွဲ ဇူလိုင် ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် နောင်တိုင်ကျေးရွာတွင် လူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခြေခံဗုဒ္ဓတရားတော်များကိုသိရှိပြီး ယဉ်ကျေးလိမ္မာစေရန်အတွက် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာစင်တာ ဟိတဓရဖောင်ဒေးရှင်း (ခွဲ) နှင့် ဆရာတော်/သံတော်ကြီးများက ဦးဆောင်၍ ယဉ်ကျေးလိမ္မာဓမ္မစကူးလ်သင်တန်းဖွင့်ပွဲကို ယမန်နေ့က နောင်တိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် မဲဆမိတ်ကျောင်းဆရာတော်ဘဒ္ဒန္တစန္ဒရနှင့် ဆရာတော်ကြီးများက မိမိတို့ကျေးရွာအတွင်း လူငယ်များ ယဉ်ကျေးလိမ္မာစေရန်အတွက် အခြေခံဗုဒ္ဓတရားများကို သင်ကြားပေးခြင်း၊ လူငယ်များအနေဖြင့် မိမိအနာဂတ်၊ မိမိကျေးရွာ အနာဂတ်အတွက် စွမ်းစွမ်းတမံဆောင်ရွက်ပေးပြီး လူတော်လူကောင်းများဖြစ်လာခြင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် များကို ဩဝါဒစကားများ မြွက်ကြားခဲ့ကြပြီး ဓမ္မစကူးလ်သင်တန်း ဆရာ/မများက သင်တန်းတွင် သင်ကြားမည့်အခြေခံဗုဒ္ဓတရား များ၊ ဘာသာရပ်များနှင့် လိုက်နာရမည့် စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ယဉ်ကျေးလိမ္မာဓမ္မစကူးလ်သင်တန်းကို  ဗုဒ္ဓဝင်မင်္ဂလာတရားတော်၊ ဗုဒ္ဓဘာသာဝင်တို့၏ လိုက်နာကျင့်သုံးရမည့် လုပ်ငန်းစဉ်များ၊ လူမှုကျင့်ဝတ်များ၊ ဗုဒ္ဓဝါဒအဘိဓမ္မာ တရားတော်များ၊ အဆုံးအမတရားတော်များ စသည့်အခြေခံဗုဒ္ဓတရားတော် များကို  ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ သိရှိနိုင်စေရန်အတွက် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့ရက်များတွင် ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

စောဒိ (ပြန် / က်)