နတ်မောက် ဇူလိုင် ၁၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် န-လက်ခုပ်ပင်ကျေးရွာရှိ ကိုမြင့်ဇော် မွေးမြူထားသော ဆိတ်မကြီးမှ သားပေါက်လာရာတွင် အမွှာဆိတ်ငယ်(၄)ကောင် ပေါက်ဖွားလာကြောင်း သိရသည်။
“ကျွန်တော်ဆိတ်အုပ်ထဲမှာ မွေးဆိတ်မတွေ ၁၅ကောင်ခန့် ရှိပါတယ်၊ ဆိတ်မွေးရတာက လူက ဂရုစိုက်ပြီး ထိန်းကျောင်း မွေးမြုရပါတယ်၊ ဆိတ်သတ္တဝါတွေရဲ့ သဘာ၀အရ ဆိတ်မတစ်ကောင်ဟာ တစ်နှစ်ကို နှစ်ကြိမ်သာ ပေါက်တော့ ဆိတ်အုပ်အတွင်းမှာ တစ်နှစ်ကို ကောင်ရေ တစ်ဆတိုးလာတာပေါ့ဗျာ၊ များသောအားဖြင့် ဆိတ်မတစ်ကောင် သားပေါက်လာလို့ရှိရင် တစ်ကောင်ကနေ နှစ်ကောင်အထိ အများဆုံး မွေးဖူးပါတယ်၊ အခု ဆိတ်မကြီးမိညိုက ထူးထူးခြားခြား ဆိတ်အမွှာ (၄)ကောင်အထိ မွေးလာတာပါ၊ ဆိတ်မွေးလာတာ ကြာပါပြီ၊ ဒီလိုဆိတ်အမွှာ (၄)ကောင်အထိ မွေးတာဟာ ဒါဟာ ပထမဆုံးအကြိမ်ပါဘဲ၊ ဆိတ်ကလေးတွေကို ဂရုတစိုက်မွေးခဲ့တာ ခုတော့ ဆိတ်ငယ်အမွှာ (၄)ကောင်ဟာ (၂)လခန့်ရှိပြီဖြစ်ပါတယ်” ဟု ဆိတ် မွေးမြုသူ ကိုမြင့်ဇော်က ပြောသည်။
ရှေ့နောက်သိမှီသူ တောင်သူများ၏ ပြောပြချက်အရ န-လက်ခုပ်ပင်နှင့် ကြူအိုင်ကျေးရွာတွင် နွားအမွှာ မွေးလာခြင်း၊ ဦးမြဆောင်ပိုင်ဆိုင်သည့် နွားမကြီးသည် နွားအမွှာကို (၂)ကြိမ်အထိ ဆက်တိုက်ပေါက် လာခြင်းများ ရှိခဲ့ဖူးကြောင်း၊ ယခုလို ဆိတ်မကြီးတစ်ကောင်မှ ဆိတ်အမွှာ(၄)ကောင်အထိ ပေါက်ဖွားလာခြင်း ကြုံတွေ့ရခြင်းမရှိသေးကြောင်း ပြောပြ၍ သိရသည်။
မူမူစန်း