ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ပခုက္ကူမြို့နယ်၊ နုံးပို့ကျေးရွာရှိ ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီး ပြိုကျပျက်စီး

ပခုက္ကူ ဇူလိုင်  ၁၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ နုံးပို့ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီးသည်  ဧရာဝတီမြစ်ရေကြီးပြီး ကမ်းပါးတိုက်စားမှုကြောင့် ဇူလိုင်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်က မြစ်ရေထဲသို့ ပြိုကျပျက်စီးခဲ့ကြောင်း ကျေးရွာဒေသခံတွေထံက သိရသည်။

“ဧရာဝတီမြစ်ရေကြီးပြီး ကမ်းပါးတိုက်စားမှုတွေကြောင့် ကျွန်တော်တို့ရွာမှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင် ပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီးဟာ ဇူလိုင်လ ၇ ရက်နေ့က ပြိုကျပျက်စီးခဲ့တာပါ၊ မြစ်ရေကြီးတာကတော့ ဇွန်လ(တတိယအပတ်) ကတည်းကပါ၊ ကျေးရွာဘုန်းတော်ကြီးကျောင်းကလည်း မြစ်ကမ်းနဲ့ပေ(၂၀)အကွာမှာပဲ ရှိတော့တာကြောင့် ရွာရဲ့တောင်ဘက်ကို အရေးပေါ်ရွှေ့ပြောင်းထားရပါတယ်၊ ကျေးရွာရှိမြစ်ကမ်းပါးနံဘေးရှိ လူနေအိမ်အချို့ကိုလည်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ကြပါတယ်၊ ကျန်တဲ့အိမ်‌တွေလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းဖို့ ပြင်ဆင်နေကြပါတယ်” ဟု ကျေးရွာနေပြည်သူတစ်ဦးက ပြောပြသည်။

အဆိုပါ ဧရာဝတီမြစ် ရေကြီးပြီး ကမ်းပါးတိုက်စားပြိုကျမှုကြောင့် ပြောင်းရွှေ့နေထိုင်ရသည့် ရေဘေးသင့်ပြည်သူများ၏ လိုအပ်ချက်များအား ကူညီထောက်ပံ့နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအဖွဲ့အစည်းများ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက် ရှိကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)