မြောင်းမြမြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အသက် ၁၆ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပ

မြောင်းမြ ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အသက်(၁၆)နှစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၃)နာရီက မြောင်းမြမြို့၊ မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင် အားကစားသမားများ ကွင်းအတွင်း ဝင်ရောက် နေရာယူကြပြီး နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြသည်။ မြောင်းမြမြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်က အဖွင့်အမှာစကားပြောကြားရာတွင် ထူးချွန်သော ဘောလုံးအားကစားသမားများ ပေါ်ထွန်းလာရေး၊ အားကစားပြိုင်ပွဲမှ ချစ်ကြည်ရင်းနှီးမှု ရရှိစေရေး၊ ကျောင်းများတွင် ပညာသင်ကြားရေးသာမက ကျန်းမာကြံ့ခိုင်ပြီး ပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်၊ မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်မည့် ရလဒ်ကောင်းများ ရရှိစေရေးတို့အတွက် ကျင်းပရခြင်းဖြစ်ပြီး အားကစားသမားများ အနေဖြင့် အနိုင်အရှုံးကို ပဓာနမထားဘဲ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်၍ သန့်ရှင်းစွာရရှိသော အောင်မြင်မှုမျိုးကို ရရှိအောင် ကြိုးစားကြရန် အဓိကမှာကြားလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြပြီး ပထမပွဲစဉ်တွင် ယှဉ်ပြိုင်ကြမည့် အ.ထက(၁) ကျောင်းနှင့် အ.ထ.က (၆) ကျောင်းတို့က ကွင်းအတွင်း နေရာယူကြသည်။ မြောင်းမြမြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်က ကွင်းအတွင်း ဘောလုံးကန်သွင်း၍ ပြိုင်ပွဲအားစတင်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားနှင့်ပြိုင်ပွဲကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ ပြည်သူများက ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲတွင် အ.ထ.က (၁)  မှ တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ အဆိုပါ ကျောင်းပေါင်းစုံ အသက် ၁၆ နှစ်အောက် ဘောလုံးပြိုင်ပွဲကို မြောင်းမြမြို့နယ်အတွင်းရှိ ကျောင်းများမှ အသင်း(၁၆)သင်းနှင့် အားကစားသမား (၂၈၈)ဦးတို့ဖြင့် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

မြောင်းမြခရိုင်(ပြန်/ဆက်)