မြဝတီမြို့ NBLC ကိုယ်ပိုင်ကျောင်း၌ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပ

မြဝတီ ဇူလိုင် ၁၀

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ NBLC ကိုယ်ပိုင်ကျောင်း၌ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ အဖွဲ့ဝင် ဦးစိန်သောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဦး၊ NBLC ကိုယ်ပိုင်ကျောင်းပိုင်ရှင် CEO ဦးမင်းမိုကိုနှင့် ဇနီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် မြန်မာ့ရိုးရာအပျိုတော်အကအလှဖြင့် ဖျော်ဖြေတင်ဆက်ပြီး မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြိုင်ပွဲဝင်ကလေးများအား ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ပေးသည်။

အဆိုပါ ပြိုင်ပွဲကို မြန်မာတို့၏ ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဂီတ ကိုယ်ပိုင်အနုပညာများကို ကျောင်းသား/ကျောင်းသူများ၏ အသက်အရွယ်အလိုက် ခံစားသိမြင်နိုင်ပြီး ချစ်မြတ်နိုး တန်ဖိုးထားတတ်စေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း NBLC ကိုယ်ပိုင်ကျောင်းပိုင်ရှင် CEO ဦးမင်းမိုကိုထံမှ သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)