ဝါးခယ်မမြို့နယ် သဲကုန်းကျေးရွာတွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲအား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များတက်ရောက်  ကြည့်ရှုအားပေးပြီး ဓာတ်မြေသြဇာများ ထောက်ပံ့ပေး

ဝါးခယ်မ  ဇူလိုင်  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် သဲကုန်းကျေးရွာနှင့် ကြာဖြူကျေးရွာတွင် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူပေါင်းပြီး  တစ်ဧကလျှင်  တင်း (၁၀၀) အထက် ထွက်ရှိရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၁ နာရီခွဲ အချိန်တွင် သဲကုန်းကျေးရွာ ကွင်းအမှတ် ၂၀၀၃၊ ဦးပိုင် အမှတ် ၁၇/၂ တောင်သူဦးပွားနှင့် တောင်သူ ၁၀ ဦးတို့၏ လယ်မြေ၌ KUBOTA ကောက်စိုက်စက် (၆-တန်းသွား) ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ဧရာဝတီတိုင်းဒေသကြီး စိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးစိန်မောင်မြင့်၊  ခရိုင်ဦးစီးမှူး ဦးကျော်မိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စက်မှုလယ်ယာဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အနီးအနားရှိ  ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ယင်းသို့  (၆)တန်းသွား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကြောင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှု နည်းပါးခြင်း၊ ပျိုးထောင်ဧရိယာ အနည်းငယ်သာ လိုအပ်ခြင်း၊ ပျိုးပင်များ ပြုပြင်ထိန်းသိမ်းမှု လွယ်ကူစိတ်ချရခြင်း၊ ပျိုးပင်များ နုတ်ယူရန်မလိုခြင်း၊ သန်မာ၍ ရောဂါကင်းသော ပျိုးပင်များရရှိခြင်း၊ ကောက်စိုက်ရာတွင် လူအင်အား အသုံးပြုမှုနည်းပါးခြင်းနှင့် သက်တောင့်သက်သာ စိုက်ပျိုးနိုင်ခြင်း၊ လုပ်ငန်းတွင်ကျယ်၍ ပြီးစီးမှုပိုမြန်ခြင်း၊ လေဝင်လေထွက်ကောင်းခြင်း၊ အောက်ပင်လှန်ရန် စောင့်ဆိုင်းရန်မလိုခြင်း၊ ပျိုးပင်ပွားမှုနှုန်း ကောင်းပြီး စပါးအထွက်နှုန်းကောင်းစေခြင်း၊  ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသည့် စပါးခင်းအား ရိတ်စက်၊ ရိတ်သိမ်း‌ခြွေလှေ့စက်များဖြင့် အလွယ်ကူ ရိတ်သိမ်းနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်းကို သရုပ်ပြပွဲသို့ တက်ရောက်လာသော တောင်သူများအား  စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ဧက (၁၀၀) စံပြကွက် ဆောင်ရွက်သည့် တောင်သူ ဦးရွှေပွားနှင့် တောင်သူ (၁၀) ဦးအား  ကွန်ပေါင်း ဓာတ်မြေသြဇာ စုစုပေါင်း  အိတ် (၅၀) အား   တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)