တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်းကွင်း သရုပ်ပြပွဲ အခမ်းအနားသို့ တက်ရောက်

ထားဝယ် ဇူလိုင် ၁၀

တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ ကထားဝယ်မြို့၊ ဇဟာကျေးရွာရှိ တောင်သူဦးအောင်နေစိုး၏ မိုးစပါးစိုက်ခင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးအနေဖြင့်၂၀၂၂- ၂၀၂၃ ခုနှစ် မိုးရာသီ တွင်မိုးစပါး ( ၂၂၃၇၄၂ ) ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး ယခု ဇွန်လကုန်အထိ (၁၆၄၂၅) ဧက စိုက်ပျိုးခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုလိုမိုးစပါး စိုက်ပျိုးနေသော အချိန်ကာလတွင် စိုက်ပျိုးနည်းစနစ် မှန်ကန်စွာ စိုက်ပျိုးဆောင်ရွက်နိုင်မှသာ အထွက်ကောင်းသည့် ရလဒ်ကောင်းများ ရရှိနိုင်မှာဖြစ်ပါကြောင်း၊ မိုးစပါးစိုက်ပျိုးနည်းစနစ် များစွာရှိသည့်အနက် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းသည် အချိန်ကုန်သက်သာခြင်း၊ ငွေကုန်သက်သာခြင်း၊ အလုပ်သမားရှားပါးမှု ပြဿနာ ဖြေရှင်းနိုင်ခြင်းစသော အကျိုးကျေးဇူးများရရှိမှာ ဖြစ်ပါကြောင်း၊ စိုက်နည်းစနစ်များစွာရှိသောကြောင့် တိုင်းဒေသကြီး၏ ရေမြေရာသီဥတုနှင့် လယ်မြေများ၏ တည်ရှိမှု ပုံသဏ္ဍာန်များအရ မိမိတို့ ရေမြေ ရာသီဥတုနှင့် ကိုက်ညီသင့်လျော်သော နည်းစနစ်များကို ကျင့်သုံးဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍတွင် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ပြောင်းလဲပြီး မြေယာပြုပြင် စိုက်ပျိုးသည်မှ ရိတ်သိမ်းခြွေလှေ့လှေ့ သိုလှောင်အချိန်ထိ စက်ကိရိယာများ သုံးစွဲဆောင်ရွက်ရန် မဖြစ်မနေ လိုအပ်လာပြီဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှတွန်းအားပေး ကူညီဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူများအနေဖြင့်လည်း စိုက်ပျိုးရေးဦးစီးဌာနနှင့် အမြဲမပြတ်ဆက်သွယ် ဆောင်ရွက်ပြီး မျိုးကောင်းမျိုးသန့် မျိုးစေ့နှင့် သွင်းအားစုဆိုင်ရာ လိုအပ်ချက်များ ရောဂါပိုးမွှား ကာကွယ်နှိမ်နင်းနည်းနှင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာများကို လက်ဆင့်ကမ်းရယူလျက် မိမိတို့စိုက်ပျိုးထားရှိသော သီးနှံများ၏ တစ်ဧကအထွက်နှုန်း တိုးတက်ရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသန်းထိုက်က မိုးစပါးစိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးဌာနမှူး ဦးအောင်ထွေး စက်မှုလယ်ယာဦးစီးဌာနမှ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက တောင်သူများအား အိမ်ခြံဝန်း ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန်အတွက် ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူဦးအောင်နေစိုး၏ မိုးစပါး စိုက်ခင်း၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနေမှုအား လည်းကောင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောစပ်ကြဲပက်နေမှုအား လည်းကောင်း ကွင်းသရုပ်ပြပွဲအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)