ပွင့်ဖြူမြို့နယ် စက်မှုလယ်ယာဦးစီးဌာနက စပါးသီးနှံအထွက်နှုန်းတိုးပွားရေး မျိုးစေ့ချစက်ဖြင့် မျိုးစေ့ချခြင်း လုပ်ငန်းများ ဆောင်ရွက်ပေး

ပွင့်ဖြူ ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စက်မှုလယ်ယာဦးစီးဌာနက ယခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် စပါးသီးနှံ အထွက်နှုန်း တိုးတက်ကောင်းမွန်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် မျိုးစေ့ချစက်ဖြင့် မျိုးစေ့ချခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မျိုးစေ့ချခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ပွင့်ဖြူမြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှမင်းဦး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က မြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၏ ပံ့ပိုးကူညီမှုဖြင့် ဆင်းသိင်္ဂီမျိုးစပါး (၅)ဧကအတွက် မျိုးစေ့ချစက်ဖြင့် ပျိုးထောင်ခြင်းလုပ်ငန်းအား စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယခု မျိုးစေ့ချစက်ဖြင့် ဆောင်ရွက်သည့် ဆင်းသိင်္ဂီစပါးမျိုး(၅)ဧက ပျိုးထောင်ရက်ပြည့်ပါက မြို့နယ် စိုက်ပျိုးရေး သိပ္ပံကျောင်း၏ လယ်မြေတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနက ကောက်စိုက်စက်ဖြင့် အကောင်အထည်ဖော် စိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဒေသတွင်းရှိ တောင်သူများ စပါးသီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန်၊ လယ်ယာသုံးစက်ကိရိယာများ၏ အကျိုးကျေးဇူးနှင့် အသုံးဝင်မှုကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ပြီး ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို စီစဉ်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှမင်းဦးက ပြောသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )