ပဲခူးမြို့နယ် စာရေးဆရာအသင်း တတိယအကြိမ် စာပေညီလာခံ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကျင်းပ

ပဲခူး ဇူလိုင် ၁၀

ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်က ပဲခူးမြို့နယ် စာရေးဆရာအသင်း တတိယအကြိမ် စာ‌ပေညီလာခံ အတွေ့အကြုံ ရှင်းလင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ပဲခူးမြို့နယ် စာရေးဆရာအသင်းနာယက၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် အသင်းသား/သူများ၊ ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးတို့ တက်ရောက်ကြပြီး  ပဲခူးမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဒေါ်ခင်ဝတ်ရည် (ဝတ်ရည်ခင်-ပဲခူး)က တတိယအကြိမ် စာပေညီလာခံအတွေ့အကြုံများကို ထပ်ဆင့် ရှင်းလင်းပွဲ လုပ်ပေးခွင့်ရသည့်အတွက် အတိုင်းမသိ၀မ်းသာပီတိ ဖြစ်မိပါကြောင်း၊ ယခုလို စာပေအတွေ့အကြုံထပ်ဆင့်ရှင်းလင်းပွဲများ လုပ်ပေးခြင်းအားဖြင့် ပဲခူးစာပေမောင်နှမ မိသားစုတွေ ချစ်ခင်စည်းလုံးခြင်း နွေးထွေးပျော်ရွှင်ခြင်းကိုလည်း ရရှိစေမှာဖြစ်ကြောင်း၊ စာပေနှင့်တိုင်းပြည်အကျိုးကိုများစွာသယ်ပိုးဆောင်ရွက်နိုင်အောင် ကြိုးစားပေးကြဖို့ မျှော်လင့်မိကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ပဲခူးမြို့နယ် စာရေးဆရာအသင်းနာယက ဦးစိန်လှိုင် (စိန်လှိုင်ဗိုလ်.ပဲခူး)က ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့်  မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ် စာပေညီလာခံ အ‌တွေ့အကြုံများကို ရှင်းလင်းပြောကြားပြီး ပဲခူးမြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး  စာရေးဆရာ လင်းအရုဏ်ဦး(ပဲခူး)က အသင်းတိုးတက်ရေးအတွက် အကြံပြု ဆွေးနွေး‌ပြောကြားပြီး၊ ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်နုက မုဒိတာစကားပြောကြားကာ ဘဏ္ဍာရေးမှူး စာရေးဆရာမ မေတ္တာမိုးနှင်းက အသင်း၏ ဘဏ္ဍာရေးအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ပဲခူးမြို့နယ် စာရေးဆရာအသင်း၊ အသင်းဝင်များမှ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)