ပွင့်ဖြူ ဇူလိုင် ၁၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုး ရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် စဉ်ဆက်မပြတ် ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ပွင့်ဖြူမြို့နယ် ရွာသစ်ကျေးရွာအုပ်စုမှ ဒေသခံတောင်သူများကို မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးဆောင်ရွက် ပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဦးစန်းသော်ထံက သိရသည်။
ထိုသို့ ဒေသခံတောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာ၌ မြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဘဏ်မန်နေဂျာ ဦးစန်းသော် က ချေးငွေများ မထုတ်ချေးမီ သီးနှံအလိုက် ချေးငွေထုတ်ချေးပေးမှုနှုန်းထားနှင့် ချေးငွေပေးဆပ်ရမည့်ကာလတွင် အချိန်မီ ပေးဆပ်နိုင်ရေးအတွက် လိုက်နာရမည့် စည်းကမ်းချက်များကို အသိပေးရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် မြို့နယ်ဘဏ်မန်နေဂျာနှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် မြို့မနှင့် ရွာသစ်ကျေးရွာအုပ်စုမှ ဒေသခံတောင်သူများကို မိုးစပါးစိုက်ဧက ၇၃၅ ဧက နှင့် အခြားသီးနှံ ၄ ဧက အတွက် အချိန်မီ စိုက်ပျိုးနိုင်ရေး စုစုပေါင်း စိုက်ပျိုးစရိတ်ချေးငွေကျပ် ၁၁၀၆ ဒသမ ၅၀ သိန်းအား တောင်သူများ လက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၂ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေး ရမည့် ကျေးရွာအုပ်စု (၅၁)အုပ်စုရှိပြီး အဆိုပါ ကျေးရွာအုပ်စုများအနက်မှ ယခင်နှစ်က စိုက်ပျိုးစရိတ်ချေးငွေ ပြေကြေစွာ ပေးဆပ်သည့် ဒေသခံတောင်သူများကို မေလတတိယပတ်က စတင်၍ မိုးစပါးသီးနှံစိုက်ပျိုးရန်အတွက် တစ်ဧက ငွေကျပ် တစ်သိန်းခွဲနှုန်း၊ အခြားသီးနှံ စိုက်ပျိုးရန်အတွက် တစ်ဧက ငွေကျပ် တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိပြီး ထုတ်ချေး ပေးရန် ကျန်ရှိသည့် ကျေးရွာအုပ်စုများမှ ဒေသခံတောင်သူများကိုလည်း ချေးငွေပြေကြေစွာ ပေးဆပ်မှုအပေါ်မူတည်ပြီး ရုံးဖွင့်ရက်များတွင် ဆက်လက်ထုတ်ချေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဦးစန်းသော်က ရှင်းပြသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )