ဟိုင်းကြီးကျွန်း ဇူလိုင် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ပမ္မဝတီရေတပ်စခန်းဌာနချုပ်နှင့် အမှတ်(၄)ဗျူဟာ စစ်ရေယာဉ်စုတို့မှ အရာရှိ၊ စစ်သည်မိသားစုများစုပေါင်းပြီး ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်(၀၁၀နာရီအချိန်တွင် ပမ္မဝတီရေ တပ်စခန်းဌာနချုပ်ရှိ ဓမ္မရက္ခိတဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပမ္မဝတီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ်တင်မောင်သန်းနှင့် အရာရှိ၊ စစ်သည် မိသားစုဝင်များသည် သက်တော်ရှည် ကညင်ချောင်း(တောင်)ဆရာတော်ဘုရားကြီး ကြီးမှူးသော သံဃာတော်အရှင်သူမြတ်များထံမှ ကိုးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ပရိတ် တရားတော်များကို နာယူခဲ့ကြသည်။ ထို့နောက် ပမ္မဝတီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ်တင်မောင်သန်းနှင့်ဇနီးဒေါ်သက်နဦးတို့မှ သက်တော်ရှည် ကညင်ချောင်း(တောင်) ဆရာတော်ဘုရားကြီးအား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး အရာရှိ၊စစ်သည်မိသားစုဝင်များမှ သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ပမ္မဝတီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ်တင်မောင်သန်းနှင့် အရာရှိ၊ စစ်သည်မိသားစုဝင်များသည် သက်တော်ရှည် ကညင်ချောင်း(တောင်) ဆရာတော် ဘုရားကြီး ကြီးမှူးသော သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းနှင့်အချိုပွဲတို့ကို ဆက်ကပ် လှူဒါန်းကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ပမ္မဝတီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် တင်မောင်သန်းနှင့်ဇနီး၊ ခေတ္တအမှတ်(၄)ဗျူဟာ စစ်ရေယာဉ်စုမှူးဇနီးနှင့် အရာရှိစစ်သည် မိသားစုဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)