ကော့သောင်းမြို့တွင် သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါ ကာကွယ်နိုင်ရေး အခြေခံပညာကျောင်းများကို ခြင်ဆေးပက်ဖျန်းပေး

ကော့သောင်း ဇူလိုင် ၁၀

မိုးရာသီတွင် ဖြစ်ပွားတတ်သည့် ရောဂါများမဖြစ်ပွားရန် ရည်ရွယ်၍ ကော့သောင်းမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဌာနနှင့်ပရဟိတအဖွဲ့များ ပူးပေါင်း၍  မြို့ပေါ် စာသင်ကျောင်းများတွင် ယနေ့နံနက်ပိုင်းက ခြင်ဆေးများ ပက်ဖျန်းခဲ့ကြကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကော့သောင်းမြို့ပေါ်ရပ်ကွက် စာသင်ကျောင်းများဖြစ်သည့် ရွှေဟင်္သာရပ်ကွက်၊ ရွှေဇင်ယောရပ်ကွက်၊ အောင်သုခရပ်ကွက်နှင့် ပိတောက်ရွှေဝါ ရပ်ကွက်များရှိ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းကျောင်း (၆)ကျောင်းရှိ ကျောင်းသား/ကျောင်းသူများ မိုးရာသီအတွင်းဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါများမဖြစ်ပွားရေး၊ ကျောင်းသား/ကျောင်းသူများရောဂါဘယ ကင်းဝေးစွာ ပညာသင်ကြားနိုင်ရေး ရည်ရွယ်ချက်ဖြင့် မြို့နယ်မြို့နယ်စင်ပင်သာယာရေးအဖွဲ့၊  မြို့နယ်ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများနှင့် ကျောင်းအုပ်ဆရာကြီး အပါအဝင် ကျောင်းအကျိုးတော်ဆောင်များက စာသင်ခန်းများတွင် ခြင်များခိုအောင်းနိုင်သော နေရာများကိုခြင်ဆေးများ ပက်ဖျန်းပေးခဲ့ကြကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)