ချောက်ခရိုင် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ​ဒေသဖွံ့​ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ချောက် ဇူလိုင် ၁၀

မ​ကွေးတိုင်း​ဒေသကြီး၊ ​ချောက်ခရိုင်​၊ ချောက်မြို့နယ်အတွင်းရှိ ​ကျေးရွာပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး  ချောက်ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဌေး​ကျော်နှင့် အဖွဲ့ဝင်များ၊​ ချောက်မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူတို့မှ ယ​မန်​နေ့က  ရသစ်အုပ်စု၊ ပုဂံစုကျေးရွာ၊ စလင်း​တောင်အုပ်စု၊ ဝင်္ကဘာကျေးရွာများသို့ ကွင်းဆင်း​၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

ရှေးဦးစွာ​ ချောက်ခရိုင် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဌေး​ကျော်က ပုဂံစု​ကျေးရွာ ဘုရားဝင်းအတွင်း ဒေသခံပြည်သူများ​နှင့်​ တွေ့ဆုံ၍ ကျေးရွာပြည်သူများ အတွက်ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ရေရရှိရေး၊ မီးလင်းရေးလုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံတော်မှ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး တင်ထွန်းဦးနှင့် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ အတွင်း​ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးစိုး ​တို့က ကျေးရွာ​နေပြည်သူများ လိုက်နာသိရှိနိုင်ရန် လုံခြုံ​ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မိမိရပ်ရွာလုံခြုံဖို့ အားလုံးပူး​ပေါင်း​ဆောင်ရွက်​ရေးကို လည်း​ကောင်း၊  မြို့နယ်စိုက်ပျိုးရေးမှ ဆီထွက်သီးနှံ​ နေကြာစိုက်ပျိုး​နေမှု အခြေအ​နေများကိုလည်း​ကောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ​ မိုးရာသီစိုက်ပျိုးစရိတ်​ချေး​ငွေ ထုတ်ချေး​ပေးနေမှု အခြေအနေများကို လည်းကောင်း၊ ကျန်းမာရေးမှ ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေ များနှင့် ကျန်းမာရေး​အသိပညာ​​ပေး​ခြင်း လုပ်ငန်းများ​ ဆောင်ရွက်​ပေး​​နေမှု အခြေအနေများကိုလည်း​​ကောင်း  အသီးသီးရှင်း လင်းပြောကြားခဲ့ပြီး တက်​ရောက်လာသည့်​ကျေးရွာ​ပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌမှ ​ပေါင်းစပ်ညှိနှိုင်း​ ဆောင်ရွက်​ပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)