ရေနံချောင်း ဇူလိုင် ၁၀
၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ရောက်ရှိမည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဘာသာရပ်ပေါင်းစုံ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ် စပါယ်ဆောင် အခန်းနံပါတ် ၂၀၁ တွင် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပပြုလုပ်ရာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များက လိုက်လံကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။
အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် မြန်မာနိုင်ငံကြီး လွတ်လပ်ရေးရအောင် အသက်ပေးပြီး စွမ်းဆောင်ကြိုးပမ်းခဲ့ကြသည့် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားများကို အမြဲအောက်မေ့တသ သတိရနေစေရန်နှင့် တိုင်းပြည်၏လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို တန်ဖိုးထား လေးစားထိန်းသိမ်း ကာကွယ်လိုစိတ်များကိန်းဝပ်လာစေရန် ရည်ရွယ်၍ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာချိုချိုမြင့်ထံက သိရသည်။
အဆိုပါပြိုင်ပွဲများတွင် ရေနံချောင်းတက္ကသိုလ် ဘာသာရပ်ပေါင်းစုံမှ ကျောင်းသားကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြရာ စာစီစာကုံးပြိုင်ပွဲတွင် “မျက်ရည်မိုးဖြိုင် ဆယ့်ကိုးဇူလိုင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် “နှလုံးစွဲတည် အာဇာနည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲတွင် “သမိုင်းထဲက အာဇာနည် များ” ခေါင်းစဉ်ဖြင့်လည်းကောင်း ကျောင်းသားကျောင်းသူ ၄၂ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခြင်းကို ဇူလိုင် ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)