ဘားအံ ဇူလိုင် ၁၀
ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့အား သန့်ရှင်းသာယာလှပသော အစိမ်းရောင်မြို့တော်ဖြစ်စေရေး အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှု ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကိုဆောင်ရွက် ယမန်နေ့နံနက် ၇ နာရီခန့်က ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့်မြို့ပေါ်ရပ်ကွက်များတွင် ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေသော အမှတ်(၁၄)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၈) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၁၃) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့် အမှတ်(၁)အခြေခံအထက်တန်းကျောင်းတို့တွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/မများ၊ ရပ်ကွက်နေပြည်သူများပူးပေါင်း၍ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပလပ်စတစ်နှင့် စွန့်ပစ်အမှိုက်များရှင်းလင်းခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ ပရိဘောဂများအားပြန်လည်ပြုပြင်ဆောင်ရွက်ခြင်းတို့ကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ မာန်အောင်ဈေး (ရဲဘော်ဈေး) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူနှင့်တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)