ကျွန်းလှမြို့ ဇူလိုင် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းပြီး စာဖတ်ဝိုင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဖိုးချိုက ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး အသိပညာဗဟုသုတရရှိစေရန်၊ အမှားနှင့် အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်၊ အချင်းချင်းရင်းနှီးမှုရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် စာဖတ်ဝိုင်းတွင် စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသော “ရှင်းလင်းချောပြေ စကားပြော” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် မုဒိတာ (တောင်သာ)၊ ကျန်းမာသောဘဝ၊ ကျန်းမာသောကမ္ဘာ စာအုပ်ပါ “အမေ့အိမ်က ထမင်းရည်” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင်ကြပြီး ခင်းကျင်းပြသထားသော စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)