ဖျာပုံ စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း၊ မြို့အဝင်အထွက် ဂိတ်များတွင် စစ်ဆေးခြင်းနှင့် Maskများ တပ်ဆင်ခြင်း မရှိသူများအား ယခုဝယ်/ ယခုတပ်စနစ် ဆောင်ရွက်မှုများကို နေ့စဉ်အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ တာဝန်ပေးထားသော အဖွဲ့များက နေ့စဉ်ပြည်သူများ သိသင့်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်များကို အသံချဲ့စက်များဖြင့် မြို့ပေါ်နှင့် ကျေးရွာများတွင် အသိပညာပေး နှိုးဆော်ခြင်း၊ မြို့ဝင်/မြို့ထွက် စစ်ဆေးရေး ဂိတ်များတွင်လည်း ခရီးသွားပြည်သူများ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး သတ်မှတ် မြို့နယ်များမှ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဝင်ရောက်လာသူများ ရှိ/မရှိ၊ ခရီးသွားထောက်ခံချက်နှင့် Mask တပ်ဆင်ခြင်း ရှိ/မရှိများ စစ်ဆေးခြင်းနှင့် မြို့ပေါ်တွင် နေအိမ်ပြင်ပထွက်ခွာသူများ Mask တပ်ဆင်ခြင်းမရှိပါက ယခုဝယ်/ ယခုတပ် စနစ် ဆောင်ရွက်မှုများကို အဖွဲ့များခွဲ၍ ဖျာပုံမြို့နယ်တွင် ဆောင်ရွက်လျက်ရှိသည်၊၊
ယခုအခါ ဖျာပုံခရိုင်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါပိုး ဓာတ်ခွဲအတည်ပြုလူနာ(၁)ဦး၊ Facility Quarantine အဖြစ် အသွားအလာကန့်သတ် စောင့်ကြည့်သူ(၈၃)ဦး၊ Home Quarantine နေအိမ်အတွင်း အသွားအလာ ကန့်သတ် စောင့်ကြည့်ထားသူ (၂၀၆)ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
လှလှနွယ် (ခရိုင်ပြန်/ဆက်)