ပွင့်ဖြူ ဇူလိုင် ၁၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာတွင် တောင်သူအစုအဖွဲ့များ စုပေါင်းကျင်းပပြုလုပ်သည့် နှမ်းသီးနှံစုပေါင်းရောင်းချပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ နှမ်းများဈေးကောင်းရရှိ၍ ဒေသခံတောင်သူများ ဝမ်းသာပျော်ရွှင်လျက်ရှိနေပြီး လာရောက်ရောင်းချသည့် တောင်သူများ စည်ကားလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာမှ ဒေသခံတောင်သူများက ပြောသည်။
အဆိုပါ တောင်သူအစုအဖွဲ့များ စုပေါင်းကျင်းပသည့် နှမ်းစုပေါင်းရောင်းချပွဲကို မြင့်မြတ်တော်ဝင် ကုမ္ပဏီမှ တာဝန်ခံဒေါ်မေသန္တာနှင့် ဝန်ထမ်းများအဖွဲ့က တိုင်းဒေသကြီးတောင်သူဖွံ့ဖြိုးရေးအဖွဲ့၊ ပွင့်ဖြူမြို့နယ်တောင်သူဖွံ့ဖြိုးရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဇွန်(၃၀)ရက်နေ့ကစပြီး ဝယ်ယူပေးနေခြင်းဖြစ်ကြောင်း ၊ နှမ်းများဝယ်ယူရာ၌ နှမ်းအမျိုးအစားအလိုက် (A,B,C)နှင့် အခြားအဆင့် ဟူ၍ အမျိုးအစားခွဲ၍ ဝယ်ယူကြောင်း သိရသည်။ ဝယ်ယူမှုဈေးနှုန်းအနေဖြင့် နှမ်းနက်(ထိပ်စ) တစ်တင်းလျှင် ငွေကျပ် ၈၅,၀၀၀ ၊ နှမ်းဖြူ(ထိပ်စ)တစ်တင်းလျှင် ငွေကျပ် ၇၉,၀၀၀ ၊ နှမ်းနက်ပတ်လည် တစ်တင်းလျှင် ငွေကျပ် ၇၃,၃၃၃ နှုန်းဖြင့် အသီးသီး ဈေးဖွင့်၍ ဝယ်ယူလျက်ရှိကြောင်း သိရသည်။
"ကျွန်မတို့ ပွင့်ဖြူမြို့နယ်ဒေသထွက် နွေနှမ်းတွေကို မြင့်မြတ်တော်ဝင်ကုမ္ပဏီက ဈေးကောင်းပေးပြီး လာရောက် ဝယ်ယူနေပါတယ်။ ခုလို ပွင့်ဖြူမြို့နယ်အထိ လာရောက်ဝယ်ယူတဲ့အတွက် ဒေသတွင်းရှိ နှမ်းရောင်းလိုတဲ့ တောင်သူတွေအတွက် အချိန်ကုန်လူပင်ပန်းသက်သာစွာနဲ့ ရောင်းချခွင့်ရလို့ အဆင်ပြေပါတယ်။ နှမ်းဝယ်ယူခြင်းကို တောင်သူတွေ အဆင်ပြေစွာ ရောင်းချနိုင်ရေးအတွက် တိုင်းဒေသကြီးတောင်သူဖွံ့ဖြိုးရေးအဖွဲ့နှင့် မြို့နယ်တောင်သူဖွံ့ဖြိုးရေးအဖွဲ့တို့ ပူးပေါင်းပြီး ယခုလို တောင်သူများ နှမ်းသီးနှံစုပေါင်းရောင်းချပွဲကို စီစဉ်ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ ရက်ပေါင်း(၄၀)လောက် အထိ ဝယ်ယူသွားဖို့ စီစဉ်ထားရှိတယ်လို့လည်း သိရပါတယ်။ နှမ်းဝယ်ယူရာတွင် နှမ်းအမျိုး အစားအလိုက် (A,B,C) နှင့် အခြားအဆင့် ဟူ၍ လေးမျိုးလေးစားခွဲ၍ ဝယ်ယူတာဖြစ်ပြီး စမုံနက်နှမ်း(A - အဆင့်)က တစ်တင်းကို ၈၅,၀၀၀ ကျပ် ၊ စမုံနက်နှမ်း(B - အဆင့်)က တစ်တင်းကို ၈၄,၀၀၀ ကျပ် ၊ စမုံနက်နှမ်း(C အဆင့်က) တစ်တင်းကို ၈၃,၀၀၀ ကျပ် ၊ အခြားအဆင့်က တစ်တင်းကို ၈၁,၀၀၀ ကျပ် ၊ နှမ်းဖြူတစ်တင်းကို (A - အဆင့်)က ၇၉,၀၀၀ ကျပ် ၊ နှမ်းဖြူတစ်တင်းကို (B - အဆင့်)က ၇၇,၀၀၀ ကျပ် ၊ နှမ်းဖြူ တစ်တင်းကို (C - အဆင့်)က ၇၅,၀၀၀ ကျပ်၊ နှမ်းနက်ပတ်လည်က တစ်တင်းကို ငွေကျပ် ၇၃,၃၃၃ ကျပ်နှုန်းနဲ့ ဝယ်ယူတာ ဖြစ်ပါတယ်။ နှမ်းဝယ်ယူခြင်းကို ဥပုသ်နေ့မှလွဲပြီး နေ့စဉ်နံနက် ၈ နာရီခွဲမှ ညနေ ၅ နာရီအထိ ဝယ်ယူနေတာ ဖြစ်ပါတယ်။ ဒီနေ့ဆိုရင် နှမ်းလာရောက်ရောင်းချတဲ့ သူတွေလည်း အရမ်းများတယ်။ ဈေးကောင်းရရှိလို့ ကျွန်မတို့ဒေသခံ တောင်သူတွေ ဝမ်းသာပျော်ရွှင်နေကြပါတယ်" ဟု ပွင့်ဖြူမြို့နယ်မှ ကံသာကြီးကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။
ပွင့်ဖြူမြို့နယ်သည် ရပ်ကွက်(၄)ရပ်ကွက်အပါအဝင် ကျေးရွာအုပ်စု ၅၆ အုပ်စုရှိပြီး ကျေးရွာပေါင်း ၂၀၅ ရွာရှိကာ ဒေသခံကျေးလက်နေပြည်သူများမှာ နှစ်စဉ် မဲဇလီရေလွှဲဆည်ရေဖြင့် စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပန်းနှမ်း၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲထောပတ်၊ ဖူးစားပြောင်းနှင့် အခြား ဟင်းသီးဟင်းရွက်စားပင်သီးနှံမျိုးစုံတို့ကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ ယခုနှစ်တွင် မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများမှာ စိုက်ပျိုးရေအဆင်ပြေသည့် အတွက် အောင်မြင်ဖြစ်ထွန်းပြီး သီးနှံအထွက်နှုန်းကောင်းမွန်ကာ ယခုသီးနှံပေါ်ဦးပေါ်ဖျားတွင် နှမ်းများကို ဈေးကောင်းကောင်းနှင့် ရောင်းချရသဖြင့် စီးပွားရေးအဆင်ပြေလျက်ရှိနေကြကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )