အိမ်မဲ ဇူလိုင် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခန်းမတွင် ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP/AVIP ရေးဆွဲခြင်း သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၄ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစတင်မျိုးလွင်တို့မှ သင်တန်းဆင်းအမှာစကားများ အသီးသီးပြောကြားခဲ့သည်။
“ကျေးရွာနေပြည်သူလူထုမှ စုပေါင်းညီညွတ်စွာဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများရရှိခြင်း၊ ဆောင်ရွက်ပြီးလုပ်ငန်းများသည် ကျေးရွာ၏ ပကတိအမှန် လိုအပ်ချက်ဖြစ်လာခြင်းနှင့် လက်တွေ့အကျိုးရှိစွာအသုံးချနိုင်ခြင်း အစရှိသည့်ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ် ပို့ချခြင်းဖြစ်ကြောင်း” မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ (၄)ဦး မှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်း ဆောင်ရွက်မည့်ကျေးရွာ (၁၇)ရွာမှ သင်တန်းသား (၃၄ ) ဦးကို စာတွေ့လက်တွေ့ (၅)ရက်ကြာ သင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)