ရေဦး ဇူလိုင် ၉
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့သို့ ရောက်ရှိလာသော သီပေါနှင့်မေမြို့ထွက် ဒေသထွက် နာနတ်သီးများ ဈေးနှုန်းချိုသာ၍၀ယ်ယူစားသုံးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
နာနတ်သီးများ ရောင်းချနေမှုနှင့်ပတ်သက်၍ သီးနှံရောင်းသူတစ်ဦးက “ကျွန်မ နာနတ်သီးရောင်းလာတာ ငါးနှစ်ကျော်ခဲ့ပြီ၊ ယခင်နှစ်တွေက ရှမ်းပြည်နယ် အောင်ပန်းမြို့နယ်က မှာယူရောင်းချခဲ့ပါတယ်၊ ယခုနှစ်မှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့် သယ်ယူစရိတ်ကြီးမားတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့ သီပေါ၊ မေမြို့မှတဆင့်မှာယူ ရောင်းချတယ်၊ အောင်ပန်းထွက် နာနတ်သီးနှင့် သီပေါ၊ မေမြို့ထွက် နာနတ်သီးတစ်လုံး၀ယ်ယူရတဲ့ ဈေးနှုန်းက သိပ်မကွာပါဘူး၊ ဒါပေမဲ့သယ်ယူစရိတ်အနည်းငယ် သက်သာတယ်၊ ပြန်ရောင်းတော့ သကြားနာနတ်သီး သုံးလုံး၊ လေးလုံးကို ငွေကျပ် ၁၀၀၀ နဲ့ရောင်းတာရှိသလို တစ်လုံးငွေကျပ် ၇၀၀နဲ့ရောင်းတာလဲရှိတယ်၊ အစားစားပေါ့၊ အများပြည်သူ လူတန်းစားမရွေး၀ယ်စားနိုင်တဲ့ဈေးနှုန်းနဲ့ ရောင်းပေးတယ်၊ အသင့်စားသုံးနိုင်အောင်လည်း အခွန်လှီးပြီး ရောင်းတယ်၊ တစ်ချို့စားသုံးသူများကြတော့ နာနတ်သီးကို ကိုယ်စိတ်ကြိုက်ရွေးချယ်ပြီး ဓါးနဲ့အခွန်လှီး စိတ်ပေးခိုင်းလျှင်လည်း ဆောင်ရွက်ပေးပါတယ်၊ ကျွန်မတို့၀ယ်တော့ နာနတ်သီးအလုံးရေ ထောင်ဂဏန်းထိမှာ၀ယ်ရတယ်၊ ရောင်းသူ၀ယ်သူအဆင်ပြေစေတဲ့ ဈေးနှုန်းနဲ့ရောင်းချပေးတဲ့အတွက် ရောင်းကောင်းပါတယ်၊ ရာသီအလိုက်ပေါ်တဲ့ သစ်သီးအစုံရောင်းတာဆိုတော့ မိသားစု၀မ်းရေးအတွက် အဆင်ပြေတယ်ပြောရမှာပဲ ” ဟုပြောပြ၍သိရသည်။
ရေဦးမြို့တွင် ဈေးတွင်း ဈေးပြင် သီးနှံစုံအရောင်းဆိုင်ဆယ်ဂဏန်းအထက်ရှိကြောင်း၊ ဈေးတွင်းမှ သစ်သီးဆိုင်တွေကတော့ နေ့တစ်ပိုင်းပဲရောင်းကြပြီး၊ ဈေးပြင်ဘက်သီးနှံဆိုင်တွေကတော့ တစ်နေကုန် ရောင်းချလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန မြို့မဈေးကြီး ဈေးတာ၀န်ခံကပြောသည်။
သန်းထိုက် (ရေဦး )