ကနီမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း တတိယနှစ် စီမံကိန်းစက်ဝန်းလုပ်ငန်းများအား စတင် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိ

ကနီ  စက်တင်ဘာ  ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း တတိယနှစ် စီမံကိန်း စက်ဝန်း လုပ်ငန်းများကို ဩဂုတ်လ ဒုတိယပတ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မိုးကောင်းကျေးရွာအုပ်စု၊ မိုးကောင်းအရှေ့ကျေးရွာ၊ ဘက်စုံသုံးခန်းမ တည်ဆောက်ရန် ပန္နက်တင်ခြင်းအား ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ မိုးကောင်းအရှေ့ကျေးရွာရှိ ဘက်စုံသုံးခန်းမကို  ရန်ပုံငွေ ကျပ်(၃၆၃)သိန်းဖြင့် အလျား ၆၀ ပေ၊ အနံ ၄၀ ပေ၊ အမြင့် ၁၂ ပေရှိ ဘက်စုံသုံးခန်းမကို Steel Structure ဖြင့်ဆောက်လုပ် အကောင်အထည်ဖေါ် ဆောက်လုပ်သွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းများအား ကျေးရွာများမှ ကျေးရွာစီမံခန့်ခွဲ့မှုကော်မတီများ၊ လူထုဗဟိုပြုစီမံကိန်းမှ ကျေးရွာတာဝန်ကျ လက်ထောက် နည်းပညာမှူးများနှင့် လူထုစည်းရုံးရေးမှူးများက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကနီမြို့နယ်အတွင်း လူထုဗဟိုပြု စီမံကိန်းအနေဖြင့် တတိယနှစ်စီမံကိန်းစက်ဝန်းတွင် စီမံကိန်း လုပ်ငန်းခွဲ ပေါင်း ၁၆ ခုအား စတင် အကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိပြီး မြို့နယ်စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီမှ စီမံကိန်း လုပ်ငန်းခွဲ(၆၂)ခုအား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ခွင့်ပြုချက်ရရှိထားကာ လုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းဌေးအောင် (ကနီ)