ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ နေရပ်ပြန်ပြည်သူများအတွက် ထောက်ပံ့ငွေ၊ ဆောက်လုပ်ရေးပစ္စည်းနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

လွိုင်ကော် ဇူလိုင် 

ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ နေရပ်ပြန် ပြည်သူများ အတွက်ထောက်ပံ့ငွေများ၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ် ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ပြည်နယ်အတွင်း အခြေအနေအကြောင်း အမျိုးမျိုးကြောင့် နေရပ်စွန့်ခွာပြီး ယခုလက်ရှိတွင် နယ်မြေတည်ငြိမ်အေးချမ်းလာပြီဖြစ်၍ ပြည်နယ်အတွင်းသို့ ပြန်လည်ဝင် ရောက်နေထိုင်သော နေရပ်ပြန် ပြည်သူများ၏ လတ်တလောစားဝတ်နေရေးအတွက် လိုအပ်သည့်စားသောက်ကုန်၊ အသုံးအဆောင်ပစ္စည်းများ၊ နေအိမ်အဆောက်အဦများ ပြုပြင်ရန်အတွက် ဆောက်လုပ်ရေး ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ထပ်မံကူညီထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ နယ်မြေနှင့်ပြည်သူများ၏ လုံခြုံရေးအတွက် တပ်နယ်နှင့် လုံခြုံရေးအဖွဲ့ဝင်များပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေးကာလအတွင်း စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်နေသည့် ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရေး၊ ပြည်နယ်အတွင်း စားနပ်ရိက္ခာ အထောက်အပံ့ ဖြစ်စေရေးအတွက် ကြက်၊ ဝက်နှင့် ငါးမွေးမြူရေး လုပ်ငန်းများပြန်လည် ဆောင်ရွက်နိုင်ရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် လမ်း၊ တံတားများ ပြန်လည်ကောင်းမွန်စေရေး၊ လျှပ်စစ်မီးအချိန်ပြည့်ရရှိစေရေး၊ ဆောက်လုပ်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်သူများအလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေများရရှိစေရေး စသည်များကို ပြည်နယ်အတွင်းရှိ ပြည်သူများအားလုံး အကျိုးခံစားရရှိ စေရေးအတွက် ဆောင်ရွက်ပေးနေကြောင်း ၊ ပြည်သူများအနေဖြင့် မိမိတို့ဘဝ ရေရှည်ရပ်တည် နိုင်ရေးအတွက် မိမိတို့၏မူလလုပ်ငန်းများကို ပြန်လည်လုပ်ကိုင် ဆောင်ရွက်ကြ ရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်တည်ဆောက်ရေး၌ အရေးပါသောပညာရေးကဏ္ဍတွင် မိမိတို့၏ ရင်သွေးငယ်များ၏ အနာဂတ်အတွက် ကျောင်းသား၊ မိဘ၊ ဆရာနှင့် ရပ်မိရပ်ဖများပူးပေါင်း ဆောင်ရွက်ရေးသည် အရေးကြီးပါကြောင်း၊ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးရန် ပြည်သူ့ဆေးရုံများတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးဝါးများ ပြည့်စုံအောင် စီစဉ်ထားရှိပေးထားပါကြောင်း၊ ပြည်နယ်တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပြည်သူများ၏ အပြန်အလှန်ယုံကြည် လေးစားမှုနှင့် ပူးပေါင်းပါဝင်မှုသည်လည်း အရေးကြီးကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး မြတ်မင်းမိုးက နယ်မြေလုံခြုံရေးလုပ်ငန်း ဆောင်ရွက်ပေးနေမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လွိုင်ကော်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားကျောင်း များ၊ သီလရှင်ကျောင်းများ၊ နာနတ်တော၊ အောင်မင်္ဂလာ၊ အောင်တေဇ၊ နမ့်ဘောဝမ်(က)၊ နမ့်ဘောဝမ်(ခ)၊ ဒေါတမ၊ ဒေါပေါ်ကလဲ၊ မိုင်းလုံး၊ ဒေါဥခူ၊ ဧက (၅၀၀) နှင့် ထေးသမရပ်ကွက်များ၊ ချိကယ်၊ နွားလဝိုး၊ ပန်ကန်းကျေးရွာအုပ်စုများနှင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အိုကေ၊ သာယပ်၊ ဒေါဘူးကူး၊ ဆင်တောင်၊ ဘုရားဖြူနှင့် ဆောင်ဒူရွာသစ်ကျေးရွာအုပ်စုများရှိ နေရပ်ပြန် ပြည်သူများအတွက် ထောက်ပံ့ငွေများ၊ ဆောက်လုပ်ရေးပစ္စည်းများ၊  စားသောက်ကုန် ပစ္စည်းများနှင့် Family Kit ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြရာ သက်ဆိုင်ရာဘာသာရေး ခေါင်းဆောင်များနှင့် ရပ်ကွက် ကျေးရွာများမှ ရပ်မိရပ်ဖများက လက်ခံ ရယူခဲ့ကြသည်။

ယင်းနောက် ရပ်ကွက်ကျေးရွာများကိုယ်စား တက်ရောက်လာကြသော ပြည်သူများက လိုအပ်သည်များကို ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပြီး ပြည်သူများ ကိုယ်စား  ဒေါဥခူရပ်ကွက်နေ ပြည်သူတစ်ဉီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသော ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။

ယနေ့အခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့နယ်အတွင်းရှိ ထိခိုက် ပျက်စီးခဲ့သည့် ဘာသာရေးကျောင်း (၆) ကျောင်း၊ လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ် အတွင်းရှိ နေအိမ်ထိခိုက်ပျက်စီးသည့် အဆောက်အဦ (၁၄၂) လုံးတို့အတွက် ထောက်ပံ့ငွေ (၂၉၃)သိန်း၊ သွပ်(၄၆၀၀)ချပ်၊ ဘိလပ်မြေ (၂၃၀၀)အိတ်၊ ဘာသာရေးကျောင်းများရှိ ယာယီစစ်ဘေးရှောင် ပြည်သူများနှင့် နေရပ်ပြန်ပြည်သူများအတွက် ဆန်(၂၂၅)အိတ်နှင့် (၁၂)ပြည်၊ ဆီ(၁၇၈)ပိသာနှင့် ဆား(၅၉၄)ထုပ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေ (၁၅၈) သိန်း (၃) သောင်းနှင့် Family Kit အစုံ(၄၀)တို့အား ထောက်ပံ့ပေးခဲ့ပြီး စုစုပေါင်း ထောက်ပံ့မှုမှာ (၁၀၈၉)သိန်း  (၁) သောင်း (၇)ထောင် (၆) ရာဖြစ်ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)