အုတ်တွင်း ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပပြုလုပ်သော ၇၅ နှစ်မြောက် အာဇာနည်နေ့ အကြိုဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် အာဇာနည်ကိုးဦး၏ သမိုင်းအကျဉ်းအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များ အပြန်အလှန်မေးမြန်းဖြေကြားခဲ့ကြသည်။
ဆက်လက်၍ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပပြုလုပ်ပေးကာ အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခဲ့ကြောင်းနှင့် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအားလပ်ချိန်တွင် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်စေပြီး ဆေးရောင်ခြယ်ခြင်း၊ စာအုပ်စာပေများ ဖတ်ရှုခြင်း၊ ရောင်စုံစက္ကူ ရုပ်ခေါက်ခြင်း၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ခြင်း၊ အွန်လိုင်းမှတစ်ဆင့် အသိပညာပေး လုပ်ငန်းများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)