တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ၏ (၆)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်

ထားဝယ် ဇူလိုင် ၉

တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီ၏ (၆)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်၊၊

အစည်းအဝေးတွင် တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေး ကော်မတီနာယက၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို (၂)လတစ်ကြိမ် ကျင်းပနိုင်ခြင်း မရှိ‌သော်လည်း အကြောင်းအမျိုးမျိုးကြောင့် (၆)လပတ်တွင်သာ ကျင်းပနိုင်ခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် Online Shopping ကြော်ငြာ ရောင်းချနေသော အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်နှင့်လူသုံးကုန်ပစ္စည်းများ စားသုံးရန်၊ သုံးစွဲရန် သင့်/ မသင့်သည်လည်း အရေးကြီးပြီး အရည်အသွေး အာမခံချက်မရှိလျှင် အန္တရာယ်ဖြစ်စေနိုင်ကြောင်း၊ အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန် အန္တရာယ်နှင့်ဘေးကင်းစေရေး အသိပညာပေးခြင်းများနှင့် ကျောင်းမုန့်ဈေးတန်း စစ်ဆေးခြင်းများကို အခြေခံပညာကျောင်းများ၊ ပညာရေးကောလိပ်များတွင် အလေးထား ဆောင်ရွက်စေလိုကြောင်း၊ လူထုအသိပညာပေးရေး အနေဖြင့်လည်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ချိတ်ဆက်၍ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အများပြည်သူသိရှိနိုင်ရန်အတွက် ဗီနိုင်း၊ လက်ကမ်းစာစောင်များ ချိတ်ဆွဲ၊ ဝေငှရန်လိုအပ်ကြောင်း၊ အစားအသောက်၊ ဆေးဝါး၊ အလှကုန် ဘေးအန္တရာယ်ကို တားဆီးကာကွယ်ရာတွင် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်း၊ မိတ်ဖက်ဌာနများနှင့်လည်း ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ‌ဒေါက်တာအောင်ငွေစံမှ အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်များသည် “တန်ဆေး၊ လွန်ဘေး” ဆိုသလို သုံးတတ်လျှင် အကျိုးရှိပြီး၊ သုံးစွဲရန်မသင့်လျှင် အန္တရာယ်ရှိကြောင်း၊ အစားအသောက်ကို တာရှည်ခံအောင်၊ အ‌ရောင်လှအောင် ဓာတုပစ္စည်းများ ထည့်သွင်းထားခြင်းကြောင့် ရောဂါဖြစ်စေကြောင်း၊ ဆေးဆိုင်ပိုင်ရှင်များအား ကောင်းမွန်သော ဆေးဝါး ရောင်းချမှုကျင့်စဉ်၊ ကောင်းမွန်သော ဆေးဝါးသိုလှောင်မှု ကျင့်စဉ်တို့ကို စဉ်ဆက်မပြတ် အသိပညာ ပေးရန်လိုကြောင်း၊ ခရိုင်၊ မြို့နယ်အဆင့်များတွင် ကျန်းမာရေးဝန်ထမ်းများအား ဆေးဆိုင်ကွင်းဆင်းစစ်ဆေးခြင်း မွန်းမံသင်တန်းများကို တိုးမြှင့်ပို့ချရန် လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားပါသည်။

ဆက်လက်၍ ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးမှူး ‌ဒေါ်မေသန်းနိုင် တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီ၏ ၂၀၂၂ ခုနှစ်၊ (၆)လပတ်လုပ်ငန်း ဆောင်ရွက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား Power Point ဖြင့် ရှင်းလင်းတင်ပြရာ ကော်မတီဝင်များက ဖြည့်စွက်ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ရွှေပင်လယ်(ထားဝယ်)