ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၊ နည်းပညာတက္ကသိုလ်(ပုသိမ်) မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားနှင့် Contract Farming စနစ်ဖြင့် အကျိုးတူနေကြာစိုက်ပျိုးခြင်း၊ စားသုံးဆီထုတ်လုပ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်

ပုသိမ် ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်‌ရာများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ်(ပုသိမ်) သို့သွားရောက်၍ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်၍ ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့သည်။

ဦးစွာ နည်းပညာတက္ကသိုလ်(ပုသိမ်) စက်မှုအင်ဂျင်နီယာဌာန၊ ကျောင်းသား၊ ကျောင်းသူများက“ မြကျွန်းညိုညို” သီချင်းဖြင့် အခမ်းအနားအား သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး  တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားရာ" လူငယ်မောင်မယ်များသည် အဆင့်မြင့်ပညာရပ်များ လေ့လာသင်ယူပြီး နိုင်ငံ့အကျိုးအတွက် ထမ်းဆောင်ရန် ရည်ရွယ်ချက်များဖြင့် နည်းပညာတက္ကသိုလ်ကြီးသို့ ရောက်ရှိလာကြခြင်းဖြစ်၍ လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ မောင်မယ်တို့၏ သင်ယူနိုင်မှု၊ လေ့လာနိုင်မှု၊ တီထွင်ဆန်းသစ်နိုင်မှု၊ အတွေးအခေါ် အယူအဆများနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေး အားဖြည့်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ပညာခေတ်၊ နည်းပညာခေတ်ဖြစ်၍ ဆရာ၊ ဆရာများ၏ သင်ကြားပို့ချမှုများကို စနစ်တကျ မှတ်သားနာယူပြီး လက်တွေ့လေ့လာချက်များ၊ တီထွင်ဆန်းသစ်မှုများဖြင့် တိုင်းဒေသကြီးနှင့် နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်သည့် သားကောင်း၊ သမီးကောင်းများ၊ ပညာရှင်များဖြစ်အောင် ကြိုးစားကြရန်လိုပါကြောင်း” ပြောကြားခဲ့ပြီး နည်းပညာတက္ကသိုလ်(ပုသိမ်)ဒုတိယပါမောက္ခချုပ်မှ ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများ၏ တေးသရုပ်ဖော်များ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁)၌ Contract Farming စနစ်ဖြင့် အကျိုးတူနေကြာစိုက်ပျိုးခြင်း၊ စားသုံးဆီထုတ်လုပ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကို နံနက် ၁၀ နာရီခွဲ အချိန်တွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာဌာနများ၊ ဆီစက်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “မိုးနေကြာ(မျိုးစေ့ထုတ်) ဧက ၃၀၀၀ စိုက်ပျိုးပြီးဖြစ်ပါကြောင်း၊ စားသုံးဆီဖူလုံရေးအတွက် နေကြာစိုက်ပျိုး၍ စားသုံးဆီထုတ်လုပ်နိုင်ရေး သက်ဆိုင်ရာဌာနများ၊ လုပ်ငန်းရှင်များနှင့် ယခုလို တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ နေကြာကြိတ်ခွဲရာတွင်  ထွက်ရှိသော နေကြာဖတ်သည် တိရစ္ဆာန် အစာအတွက် လွန်စွာအသုံးဝင်သော ကုန်ကြမ်းပစ္စည်းဖြစ်ပါကြောင်း၊ နေကြာဆီသည် လူများအတွက် အကျိုးပြုဓာတ်များ များစွာပါရှိကြောင်း၊ နေကြာကို အောင်မြင်စွာ စိုက်ပျိုးကြိတ်ခွဲနိုင်ပါက တိုင်းဒေသကြီးအတွက် ဆီဖူလုံမှုကိုများစွာ အထောက်အကူပြု အကျိုးသက်ရောက်မည် ဖြစ်ပါကြောင်း၊ နေကြာဆီ ထုတ်လုပ်ခြင်းဖြင့် နိုင်ငံခြားသို့ နှစ်စဉ်ထွက်ရှိနေသည့် ငွေများလျော့ကျစေနိုင်မည်ဖြစ်ပါကြောင်း၊ နေကြာဆီထုတ်လုပ်နိုင်ရန်အတွက် ဆီနှင့်ပတ်သက်သည့် အတွေ့အကြုံရှိသော သူများအားနှင့် ယခုကဲ့သို့  တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးဖွံ့ဖြိုး တိုးတက်စေရန်အတွက် ဆီထွက်သီးနှံ မျိုးကောင်းများရရှိစေရန်နှင့် တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လုပ်ငန်းရှင်များကလည်း တတ်နိုင်သမျှဝိုင်းဝန်း ကူညီစောင့်ရှောက်ပေးစေလိုကြောင်းနှင့် တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံစေရေးအတွက် ဝိုင်းဝန်းကြိုးစား ကြစေလိုကြောင်း” အမှာစကား ပြောကြားသည်။

ထို့နောက်ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနများနှင့် ဆီစက်လုပ်ငန်းရှင်များက တစ်ဦးချင်းစီ ဆက်လက်ဆွေးနွေး တင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)