မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်မှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျရှုံးသူများနှင့် ကျောင်းမတက်ရောက်နိုင်သည့် ကျောင်းသား/သူများ၊ မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံဆွေးနွေး

ငပုတော ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့ ညနေ ၃ နာရီအချိန်က ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျရှုံးသူများနှင့် ကျောင်းမတက်ရောက်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများနှင့်တွေ့ဆုံ၍ ကျောင်းအမြန်အပ်နှံနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူမှ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်ရောက်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျရှုံးခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘများနှင့်တွေ့ဆုံ၍ မိမိတို့၏ ကလေးသူငယ်များ၊ ကျောင်းနေအရွယ် ကလေးများကို အနာဂတ်မပျက်စီးစေရန်၊ ပညာသင်ကြားရမည့် အရွယ်တွင် ပညာသင်ကြားနိုင်စေရန်၊ လူငယ်လူရွယ်ဘဝတွင် မျှော်လင့်ချက်မဲ့စွာဖြင့် ဘဝကို မဖြတ်သန်းစေရန်နှင့် ပညာရေးကိုသာ အလေးထား သင်ကြားနိုင်စေရန်၊ ကျောင်းမတက်သည့်သူများ၊ ကျောင်းမအပ်နှံသေးသည့်သူများ ကျောင်းတက်ရောက်ရေး၊ ကျောင်းအပ်နှံရေး၊ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရေး ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ကျင်အေးမှလည်း ကျောင်းပြန်လည် တက်ရောက်ရေးအတွက် အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းနိုင်မှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းပြန်လည်တက်ရောက်နိုင်ရန်အတွက် ကြိုဆိုလျက်ရှိကြောင်း အားပေးစကားများ ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ပညာရေးမှူး၊ ကျောင်းအုပ်ကြီးများ မိဘအုပ်ထိန်းသူ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၈၂) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်သူ