ဟင်္သာတ ဇူလှိုင် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် ဟင်္သာတတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အာဇာနည်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမဆောင်တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာ သိင်္ဂီရွှေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် သမိုင်းဋ္ဌာန ပါမောက္ခဌာနမှူး ဒေါက်တာ မီမီလှိုင်က အာဇာနည်စိတ်ဓာတ်နှင့် ဇူလှိုင်တစ်ဆယ့်ကိုး ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။
ထို့နောက် ၇၅ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲတို့တွင် ဆုရရှိကြသော ကျောင်းသား ကျောင်းသူများကို ပါမောက္ခချုပ် ဆရာမကြီးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆုပေးပွဲအပြီးတွင် ပြိုင်ပွဲတွင် ပထမဆုရရှိကြသော စာမူရှင်များက မိမိတို့ယှဉ်ပြိုင်ခဲ့ကြသော စာမူများကို ပြန်လည်ဖတ်ကြားခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ စီမံခန့်ခွဲရေး အရာရှိများနှင့် ဝန်ထမိးများ ကျောင်းသား ကျောင်းသူ ၃၂၀ ဦး စုစုပေါင်း (၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုဇော်